အသက်ကြီးလာတဲ့ မိဘတွေကို ပိုဂရုစိုက်ပေးသင့်တဲ့ အကြောင်းရင်း (၅) ချက်

Oct 07, 2026
Family & Relationships
အသက်ကြီးလာတဲ့ မိဘတွေကို ပိုဂရုစိုက်ပေးသင့်တဲ့ အကြောင်းရင်း (၅) ချက်

မိဘတွေဟာ ကျွန်တော်တို့ဘဝအစကတည်းက ချစ်ခြင်းမေတ္တာ၊ အချိန်နဲ့ အားအင်တွေကို ရင်းနှီးပေးပြီး ပြုစုပျိုးထောင်ပေးခဲ့သူတွေပါ။ ကျွန်တော်တို့ အရွယ်ရောက်လာချိန်မှာ သူတို့လည်း တဖြည်းဖြည်း အသက်အရွယ်ကြီးရင့်လာကြပါတယ်။
အသက်အရွယ်ကြီးလာတဲ့အခါ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ နေ့စဉ်ဘဝမှာ အကူအညီလိုအပ်မှုတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ကြုံတွေ့လာနိုင်ပါတယ်။ ဒါကြောင့် မိဘတွေရဲ့ ကျန်းမာရေး၊ လုံခြုံမှုနဲ့ နေ့စဉ်ဘဝကို ပိုမိုအလေးထားပေးသင့်တဲ့ အကြောင်းရင်း (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ အသက်အရွယ်နဲ့အတူ ကျန်းမာရေးအခြေအနေတွေ ပြောင်းလဲလာနိုင်ခြင်း

အသက်အရွယ်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာအင်အား၊ အမြင်အာရုံ၊ အကြားအာရုံ၊ မှတ်ဉာဏ်နဲ့ လှုပ်ရှားသွားလာနိုင်မှုတွေမှာ ပြောင်းလဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြောင်းလဲမှုတွေက  နေ့စဉ်ဘဝအပေါ်  သက်ရောက်နိုင်တာကြောင့် မိဘတွေရဲ့ ကျန်းမာရေးအခြေအနေကို ပုံမှန်ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်။

ပုံမှန်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးသောက်သုံးနိုင်အောင် ကူညီပေးခြင်းနဲ့ အာဟာရမျှတတဲ့ အစားအသောက်ကို စီစဉ်ပေးခြင်းတို့က ကျန်းမာရေးကို ထိန်းသိမ်းရာမှာ အထောက်အကူပြုနိုင်ပါတယ်။

၂။ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အကူအညီလိုလာနိုင်ခြင်း

အရင်က လွယ်လွယ်ကူကူ လုပ်နိုင်ခဲ့တဲ့ အိမ်မှုကိစ္စတွေ၊ လှေကားတက်ခြင်းနဲ့ အပြင်သွားလာခြင်းလို လုပ်ဆောင်ချက်တွေက အသက်အရွယ်ကြီးလာတဲ့အခါ ပိုမိုခက်ခဲလာနိုင်ပါတယ်။
ဒါကြောင့် အရာရာကို ကိုယ်စားလုပ်ပေးတာထက် မိဘတွေကိုယ်တိုင် လုပ်နိုင်တဲ့အရာတွေကို လွတ်လပ်စွာလုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးပြီး အခက်အခဲရှိတဲ့နေရာမှာ လိုအပ်သလို ကူညီပေးတာက ပိုသင့်တော်ပါတယ်။ဒီလိုပံ့ပိုးပေးခြင်းက သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုနဲ့ လွတ်လပ်မှုကိုလည်း ထိန်းသိမ်းပေးနိုင်ပါတယ်။

၃။ နေ့စဉ်ဘဝမှာ လုံခြုံမှုကို ပိုဂရုစိုက်ပေးရန်

အသက်အရွယ်ကြီးလာတဲ့အခါ ဟန်ချက်ထိန်းနိုင်မှု၊ အမြင်အာရုံနဲ့ လှုပ်ရှားသွားလာနိုင်မှုတွေ ပြောင်းလဲလာနိုင်တာကြောင့် ချော်လဲခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်းတွေကို ပိုဂရုစိုက်ဖို့ လိုအပ်ပါတယ်။

အိမ်အတွင်း လမ်းလျှောက်ရာနေရာတွေမှာ ပစ္စည်းတွေ မရှုပ်ထွေးအောင် စီစဉ်ထားခြင်း၊ ရေစိုနေတဲ့ကြမ်းပြင်ကို ချက်ချင်းရှင်းလင်းခြင်းနဲ့ ညဘက်သွားလာရာနေရာတွေမှာ အလင်းရောင်လုံလောက်အောင် ထားပေးခြင်းတို့က နေ့စဉ်ဘဝကို ပိုမိုလုံခြုံစေနိုင်ပါတယ်။

၄။ စိတ်ပိုင်းဆိုင်ရာ အဖော်ပြုမှုကို ပိုလိုအပ်လာခြင်း

အသက်အရွယ်ကြီးလာတဲ့အခါ တစ်ယောက်တည်းနေရတဲ့အချိန်တွေ ပိုများလာတာနဲ့အတူ စိတ်ခံစားချက်တွေ ပြောင်းလဲလာနိုင်ပါတယ်။ ။ ဒီလိုအချိန်မျိုးမှာ မိဘတွေအတွက် လိုအပ်တာက ငွေကြေးပံ့ပိုးမှုတစ်ခုတည်း မဟုတ်ပါဘူး။ သားသမီးတွေရဲ့ နားထောင်ပေးမှု၊ နားလည်ပေးမှုနဲ့ အနီးကပ်အဖော်ပြုပေးမှု ကလည်း အရေးကြီးပါတယ်။

ဒါကြောင့် မိဘတွေကို  အတူတူထိုင်ပြီး စကားပြောပေးပါ။  အတူတူစားသောက်ပေးပါ။ သူတို့ပြောချင်တဲ့အကြောင်းတွေကို စိတ်ရှည်ရှည် နားထောင်ပေးပါ။ အဝေးမှာရှိနေရင်တောင် ပုံမှန်ဖုန်းဆက်ပြီး ဆက်သွယ်ပေးပါ။အစရှိတာတွေက မိဘတွေအတွက် စိတ်ပိုင်းဆိုင်ရာအရ အဖော်ပြုမှုကောင်းတစ်ခု ဖြစ်စေနိုင်ပါတယ်။ 

၅။ အတူရှိနိုင်တဲ့အချိန်ကို တန်ဖိုးထားခြင်း

မိဘတွေနဲ့ အတူရှိနိုင်တဲ့အချိန်တွေကို နေ့စဉ်ဘဝထဲမှာ တန်ဖိုးထားပေးဖို့ လိုအပ်ပါတယ်။ အတူတူလမ်းလျှောက်တာ၊ အပြင်ထွက်တာ၊ စျေးဝယ်တာ၊ ဒါမှမဟုတ် အတူတူစားသောက်တာလို ရိုးရှင်းတဲ့အချိန်လေးတွေက မိဘတွေနဲ့ ပိုမိုနီးကပ်စွာ ဆက်သွယ်နိုင်စေပါတယ်။

အချိန်အများကြီး ပေးနိုင်ဖို့ထက် အတူရှိနေတဲ့အချိန်မှာ ဖုန်းကိုဘေးချပြီး စိတ်ခွန်အားအပြည့်အဝနဲ့ စကားပြောပေးတာ၊ နားထောင်ပေးတာနဲ့ အနားမှာရှိပေးတာက ပိုအရေးကြီးပါတယ်။နေ့စဉ်ဘဝထဲက ဒီလိုရိုးရှင်းတဲ့အချိန်လေးတွေဟာ မိဘတွေအတွက် နွေးထွေးမှုနဲ့ ပျော်ရွှင်မှုကို ပေးစွမ်းနိုင်သလို တစ်နေ့မှာ ပြန်လည်တွေးမိတဲ့အခါ တန်ဖိုးရှိတဲ့ အမှတ်တရလေးတွေအဖြစ် ကျန်ရှိနေမှာပါ။

မိဘတွေ အသက်အရွယ်ကြီးလာတဲ့အခါ ကျန်းမာရေးနဲ့ နေ့စဉ်ဘဝမှာ လိုအပ်တာတွေကို သတိထားပေးသလို စိတ်ချမ်းသာအောင်လည်း အဖော်ပြုပေးဖို့ အရေးကြီးပါတယ်။ အချိန်အများကြီး ပေးနိုင်ဖို့ မလိုပါဘူး။ ကိုယ်ပေးနိုင်တဲ့အချိန်တိုင်းမှာ အာရုံစိုက်ပြီး အနားမှာရှိပေးနိုင်ခြင်းက မိဘတွေအတွက် နွေးထွေးပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ဖန်တီးပေးနိုင်ပါတယ်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts