Stress များတဲ့နေ့မှာ စိတ်အေးချမ်းစေမယ့် နေ့စဉ်အလေ့အကျင့် (၅) ခု

Sep 23, 2026
Lifestyle
Stress များတဲ့နေ့မှာ စိတ်အေးချမ်းစေမယ့် နေ့စဉ်အလေ့အကျင့် (၅) ခု

တစ်နေ့တာအတွင်း လုပ်ငန်းခွင်ဖိအားတွေများတာ၊ စိတ်ပူစရာတွေများတာ၊ လူမှုရေးရှုပ်ထွေးမှုတွေနဲ့ နေ့စဉ်ရုန်းကန်နေရတဲ့ ဘဝအရှိန်အဟုန်တွေကြားမှာ အနားယူချိန်မရတာတွေကြောင့် စိတ်ဖိစီးမှု (Stress) တွေ စုပုံလာတတ်ပါတယ်။

“Stress တွေများနေပြီ” လို့ ခံစားရတဲ့နေ့မျိုးမှာ စိတ်ဖိစီးမှုကို လျော့ချဖို့ အချိန်အများကြီးပေးပြီး အထူးတလည်လုပ်ဆောင်စရာ မလိုပါဘူး။  နေ့စဉ်ဘဝထဲမှာ အလွယ်တကူထည့်သွင်းလုပ်ဆောင်နိုင်တဲ့ အလေ့အကျင့်လေးတွေကလည်း စိတ်ကို တဖြည်းဖြည်း ပေါ့ပါးအေးချမ်းလာစေဖို့ ကူညီပေးနိုင်ပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ လက်တွေ့ကျကျ လုပ်ဆောင်နိုင်မယ့် ရိုးရှင်းတဲ့ နေ့စဉ်အလေ့အကျင့် (၅) ခု ကို မျှဝေပေးလိုက်ပါတယ်။ 

① မနက်ခင်းလေးကို အသက်ရှူခြင်းနဲ့ စတင်ပါ 

Stress များလာတဲ့အချိန်မှာ ခဏရပ်ပြီး အသက်ရှူတာကို အာရုံစိုက်ပေးပါ။ မနက်အိပ်ရာနိုးနိုးချင်း ဖုန်းကိုချက်ချင်းမကိုင်ဘဲ အိပ်ရာပေါ်မှာဖြစ်ဖြစ်၊ ပြတင်းပေါက်နားမှာဖြစ်ဖြစ် ၅ မိနစ်လောက် အချိန်ပေးပြီး နှာခေါင်းကနေ ဖြည်းဖြည်းရှူသွင်း၊ ပါးစပ်ကနေ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပေးပါ။

အသက်ရှူသွင်း၊ ရှူထုတ်တာကို အာရုံစိုက်ပေးခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို တည်ငြိမ်စေဖို့ ကူညီပေးနိုင်ပြီး တစ်နေ့တာကို ပိုမိုအေးချမ်းတဲ့ စိတ်အခြေအနေနဲ့ စတင်နိုင်စေပါတယ်။ 

② ဖုန်းနဲ့ ခဏတာဝေးပြီး စိတ်ကို အနားပေးပါ 

တစ်နေ့တာအတွင်း ဖုန်း Notification တွေ၊ Social Media ပေါ်က သတင်းအချက်အလက်တွေနဲ့ လူမှုရေးအကြောင်းအရာတွေကို အဆက်မပြတ်ကြည့်နေခြင်းက ကိုယ်မသိလိုက်ဘဲ စိတ်ကို ပိုပင်ပန်းစေပြီး Stress ကို ပိုများလာစေနိုင်ပါတယ်။

ဒါကြောင့် အလုပ်လုပ်နေချိန် ဒါမှမဟုတ် အနားယူချိန်မှာ ၁၅ မိနစ်မှ နာရီဝက်ခန့် ဖုန်းကို အဝေးမှာထားပြီး Screen-free Time လေးယူကြည့်ပါ။ ဖုန်းကြည့်မယ့်အစား ကောင်းကင်ကို ခဏငေးကြည့်တာ၊ ရေနွေးကြမ်းလေးတစ်ခွက် သောက်တာ၊ တိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီး အနားယူတာမျိုး လုပ်ပေးနိုင်ပါတယ်။

ဒီလို Digital Detox လေးလုပ်ပေးခြင်းက အဆက်မပြတ်ဝင်လာတဲ့ သတင်းအချက်အလက်တွေနဲ့ ခဏတာဝေးစေပြီး စိတ်ကို ပြန်လည်အနားရစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ 

③ ခဏလောက် လမ်းလျှောက်ပြီး စိတ်ကို ပြန်လည်လန်းဆန်းစေပါ 

တစ်နေ့တာလုံး ထိုင်နေမယ့်အစား နေ့လယ်စာစားပြီးချိန် ဒါမှမဟုတ် ညနေပိုင်းမှာ ၁၀ မိနစ်လောက် လမ်းလျှောက်ပေးပါ။ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူရင်း ဖြည်းဖြည်းလေး လမ်းလျှောက်တာ၊ ကိုယ်လက်ဆန့်တာမျိုး လုပ်ပေးခြင်းက ခန္ဓာကိုယ်ကို လှုပ်ရှားစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျော့ပါးစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

လမ်းလျှောက်နေချိန်မှာ ဖုန်းကို ခဏဘေးချထားပြီး ကိုယ့်ပတ်ဝန်းကျင်က သဘာဝအလှတွေ၊ လေပြေတွေကို အာရုံစိုက်ခံစားကြည့်ပါ။ တစ်နေ့တာအတွင်း စိတ်ရှုပ်စရာတွေများနေတဲ့အခါ ခဏတာလမ်းလျှောက်ပေးခြင်းက စိတ်ကို ပြန်လည်လန်းဆန်းစေပြီး ပေါ့ပါးသွားစေနိုင်ပါတယ်။ 

④ ကိုယ်နှစ်သက်တဲ့အရာတွေနဲ့ သဘာဝအလှကို ခံစားဖို့ အချိန်ပေးပါ 

တစ်နေ့တာအတွင်း အလုပ်တွေနဲ့ပဲ အချိန်ကုန်မနေဘဲ ကိုယ်နှစ်သက်တဲ့အရာလေးတွေအတွက် “ကိုယ့်အတွက်အချိန်” လေးထားပေးပါ။ စာဖတ်တာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ၊ အပင်လေးတွေ ပြုစုတာလို ကိုယ်သဘောကျတဲ့အရာတွေကို စိတ်အေးအေးနဲ့ လုပ်ဆောင်ပေးပါ။

အိမ်ထဲမှာ အချိန်ကြာကြာနေရတာက စိတ်မွန်းကြပ်လာစေနိုင်တာကြောင့် အားလပ်ချိန်ရတဲ့အခါ အပြင်ထွက်ပြီး ခဏလောက် လမ်းလျှောက်တာ၊ သစ်ပင်ပန်းပင်လေးတွေကြားမှာ ထိုင်တာ၊ လေကောင်းလေသန့်ရှူရင်း သဘာဝအလှကို ခံစားတာ မျိုးလည်း လုပ်ပေးနိုင်ပါတယ်။

အရေးကြီးတာက အချိန်အများကြီး မလိုပါဘူး။ ကိုယ်နှစ်သက်တဲ့အရာလေးတွေနဲ့ သဘာဝတရားကို ခဏတာအာရုံစိုက်ခံစားပေးခြင်းက တစ်နေ့တာပင်ပန်းမှုတွေကို ပြေလျော့စေပြီး စိတ်ကို ပိုမိုပေါ့ပါးလန်းဆန်းစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ 

⑤ ညအိပ်ချိန်ကို စိတ်ရောခန္ဓာပါ အနားယူချိန်အဖြစ် ပြောင်းလဲပါ 

စိတ်ဖိစီးမှုများတဲ့နေ့တွေမှာ အိပ်ရေးပျက်တာက ခန္ဓာကိုယ်နဲ့ စိတ်ပင်ပန်းမှုကို ပိုတိုးစေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်အိပ်ချိန်တစ်ခု သတ်မှတ်ထားပြီး အိပ်ရာမဝင်ခင် စိတ်နဲ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း အနားပေးဖို့ အရေးကြီးပါတယ်။

အိပ်ရာမဝင်ခင် မိနစ် ၃၀ ခန့် ဖုန်းအသုံးပြုတာကို လျှော့ချပြီး မီးအလင်းရောင်ကို မှိန်မှိန်လေးထားကာ တစ်နေ့တာအတွေးတွေကို ခဏဘေးချထားပြီး စိတ်ကို အေးအေးဆေးဆေး ဖြေလျှော့ပေးပါ။ ကိုယ်နဲ့အဆင်ပြေမယ်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်ထိုင်ပြီး အသက်ရှူတာကို အာရုံစိုက်တာ၊ တရားမှတ်တာမျိုး လည်း လုပ်နိုင်ပါတယ်။

ဒီလို အိပ်ရာမဝင်ခင် အလေ့အကျင့်ကောင်းလေးတွေ တဖြည်းဖြည်းတည်ဆောက်ပေးခြင်းက ညဘက်မှာ စိတ်ကို အေးချမ်းစွာ အနားယူနိုင်စေပြီး နောက်တစ်နေ့ကို လန်းဆန်းတဲ့စိတ်နဲ့ စတင်နိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။ 

ဘဝမှာ အလုပ်တွေများပြီး Stress တွေ ကြုံရတာ မရှောင်လွှဲနိုင်ပေမယ့် ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို အနားပေးဖို့တော့ မမေ့သင့်ပါဘူး။ ခဏရပ်ပြီး အသက်ရှူတာ၊ ဖုန်းကနေ ခဏအနားယူတာ၊ လမ်းလျှောက်တာလို ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကနေ စတင်နိုင်ပါတယ်။

တစ်နေ့တာမှာ ကိုယ့်အတွက် အချိန်အနည်းငယ်ပေးပြီး ဒီလိုအလေ့အကျင့်ကောင်းလေးတွေကို တဖြည်းဖြည်း တည်ဆောက်သွားခြင်းက စိတ်ကို ပိုမိုပေါ့ပါးအေးချမ်းစေပြီး နေ့ရက်တွေကို ပိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့ အထောက်အကူပြုနိုင်ပါတယ်။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0