ဖုန်း၊ ကွန်ပျူတာနဲ့ Tablet တွေကို နေ့စဉ်ဘဝမှာ အလုပ်လုပ်ခြင်း၊ စာလေ့လာခြင်း၊ ဆက်သွယ်ခြင်းနဲ့ အပန်းဖြေခြင်းတို့အတွက် အချိန်ကြာမြင့်စွာ အသုံးပြုလာကြပါတယ်။ Screen ကို ဆက်တိုက်ကြည့်ရှုခြင်းနဲ့ မျက်လုံးကျန်းမာရေးအတွက် သင့်တော်တဲ့ အသုံးပြုမှုအလေ့အထတွေကို မလိုက်နာခြင်းက မျက်လုံးခြောက်သွေ့ခြင်း၊ မျက်စိညောင်းညာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အာရုံစူးစိုက်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် Screen Time ကို လုံးဝရှောင်ရှားဖို့ထက် အသုံးပြုချိန်၊ ကြည့်ရှုတဲ့အကွာအဝေးနဲ့ ပတ်ဝန်းကျင်အလင်းရောင်ကို စနစ်တကျထိန်းချုပ်ခြင်းက မျက်လုံးညောင်းညာပင်ပန်းမှု (Digital Eye Strain) ကို လျှော့ချဖို့ ပိုမိုလက်တွေ့ကျတဲ့ နည်းလမ်းဖြစ်ပါတယ်။
၁။ ၂၀-၂၀-၂၀ စည်းမျဉ်းအတိုင်း မျက်လုံးကို အနားပေးပါ
Screen ကို အချိန်ကြာမြင့်စွာ ဆက်တိုက်ကြည့်ရှုခြင်းက အနီးကပ်အရာဝတ္ထုကို အာရုံစိုက်နေရတဲ့ မျက်လုံးကို ပိုမိုပင်ပန်းစေနိုင်ပါတယ်။ ဒါကြောင့် Screen အသုံးပြုနေစဉ် ၂၀-၂၀-၂၀ စည်းမျဉ်းကို လိုက်နာပြီး မျက်လုံးကို ပုံမှန်အနားပေးပါ။
Screen ကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ ခန့်အကွာမှာရှိတဲ့ အရာဝတ္ထုတစ်ခုကို စက္ကန့် ၂၀ ကြာ အာရုံပြောင်းကြည့်ပါ။
ဒီအလေ့အထက အနီးကပ်အရာဝတ္ထုကို ဆက်တိုက်အာရုံစိုက်နေရတဲ့ မျက်လုံးကို ခဏတာ အနားပေးပြီး Screen အသုံးပြုနေစဉ် ဖြစ်ပေါ်နိုင်တဲ့ မျက်လုံးညောင်းညာပင်ပန်းမှုကို လျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။
၂။ Screen အကွာအဝေးနဲ့ အမြင်ထောင့်ကို စနစ်တကျ ချိန်ညှိပါ
Screen ကို သင့်တော်တဲ့အကွာအဝေးမှာထားခြင်းက အနီးကပ်ကြည့်ရှုရမှုကြောင့် ဖြစ်ပေါ်နိုင်တဲ့ မျက်လုံးပင်ပန်းမှုကို လျှော့ချရာမှာ အထောက်အကူပြုပါတယ်။
ကွန်ပျူတာ Screen ကို မျက်လုံးမှ ၂၀ မှ ၂၄ လက်မခန့်အကွာမှာထားပြီး Screen ရဲ့ ထိပ်ပိုင်းကို မျက်လုံးအမြင်မျဉ်းထက် အနည်းငယ်နိမ့်တဲ့နေရာမှာ ချိန်ညှိပါ။ ဒီအနေအထားက Screen အသုံးပြုချိန်မှာ လည်ပင်းနဲ့ မျက်လုံးအပေါ် သက်ရောက်တဲ့ တင်းအားကို လျော့နည်းစေပြီး ကိုယ်နေဟန်ထားကိုလည်း ပိုမိုသင့်တော်စေပါတယ်။
ဖုန်းနဲ့ Tablet အသုံးပြုတဲ့အခါ မျက်နှာနဲ့ အလွန်နီးကပ်စွာ မထားဘဲ သက်တောင့်သက်သာရှိတဲ့ အကွာအဝေးမှာ ကိုင်တွယ်အသုံးပြုပါ။
၃။ ပတ်ဝန်းကျင်အလင်းရောင်နဲ့ Screen Brightness ကို မျှတအောင် ချိန်ညှိပါ
Screen အလင်းရောင်က ပတ်ဝန်းကျင်ထက် အလွန်တောက်ပနေခြင်း၊ အလွန်မှောင်နေခြင်းက မျက်လုံးပင်ပန်းမှုနဲ့ မျက်စိမအီမသာဖြစ်မှုကို ပိုမိုခံစားရစေနိုင်ပါတယ်။ ဒါကြောင့် Screen အလင်းကို အခန်းတွင်းအလင်းရောင်နဲ့ လိုက်ဖက်အောင် ချိန်ညှိပါ။
မှောင်နေတဲ့အခန်းထဲမှာ Screen ကို အလွန်တောက်ပစွာ အသုံးမပြုဘဲ ပတ်ဝန်းကျင်အလင်းရောင်ကိုလည်း သင့်တော်အောင် ထားရှိပါ။ Screen ပေါ်မှာ မီးရောင်ပြန်ဟပ်မှု မဖြစ်စေရန် Screen နေရာချထားမှုနဲ့ အလင်းရောင်ကျရောက်တဲ့ ဦးတည်ချက်ကိုလည်း ဂရုစိုက်ပါ။
ညဘက် Screen အသုံးပြုတဲ့အခါ မျက်လုံးမအီမသာဖြစ်မှုကို လျော့ချနိုင်ရန် Night Mode သို့မဟုတ် Blue Light Filter ကို လိုအပ်သလို အသုံးပြုနိုင်ပါတယ်။
၄။ Screen ကြည့်ချိန်တွင် မျက်တောင်မှန်မှန်ခတ်ပါ
Screen ကို အာရုံစူးစိုက်ပြီး ကြည့်ရှုတဲ့အခါ မျက်တောင်ခတ်မှု လျော့နည်းလာနိုင်တာကြောင့် မျက်လုံးမျက်နှာပြင် စိုစွတ်မှု လျော့နည်းပြီး မျက်လုံးခြောက်သွေ့ခြင်း၊ ယားယံခြင်းနဲ့ မအီမသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် Screen အသုံးပြုနေစဉ် မျက်တောင်ပုံမှန်ခတ်ဖို့ သတိပြုပါ။ အချိန်ကြာမြင့်စွာ Screen ကြည့်ရှုရတဲ့အခါ ခဏတာ ရပ်နားပြီး အဝေးကိုကြည့်ခြင်းကလည်း မျက်လုံးကို အနားပေးရာမှာ အထောက်အကူပြုပါတယ်။
၅။ အိပ်ရာဝင်ခါနီး Screen Time ကို လျှော့ချပါ
ညဘက် အိပ်ရာဝင်ခါနီးအထိ ဖုန်း၊ Tablet သို့မဟုတ် ကွန်ပျူတာကို အသုံးပြုခြင်းက အိပ်စက်ဖို့ လိုအပ်တဲ့အချိန်နဲ့ အိပ်စက်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီး Screen အသုံးပြုမှုကို လျှော့ချပြီး အိပ်စက်ချိန်ကို ပုံမှန်ထိန်းသိမ်းပါ။
အထူးသဖြင့် အိပ်ရာပေါ်ရောက်ပြီးနောက် ဖုန်းကို ဆက်လက်အသုံးပြုတဲ့ အလေ့အထကို လျှော့ချပါ။ Screenအစား စာဖတ်ခြင်း သို့မဟုတ် အေးဆေးစွာ အနားယူခြင်းလို အိပ်စက်ဖို့ ပြင်ဆင်ပေးနိုင်တဲ့ အလေ့အထတွေကို ရွေးချယ်ပါ။
၆။ Screen Time ကို စနစ်တကျ စောင့်ကြည့်ထိန်းချုပ်ပါ
ဖုန်းနဲ့ Tablet တွေမှာ ပါဝင်တဲ့ Screen Time / Digital Wellbeing လုပ်ဆောင်ချက်တွေကို အသုံးပြုပြီး တစ်နေ့တာ Screen အသုံးပြုချိန်နဲ့ App တစ်ခုချင်းစီအလိုက် အသုံးပြုချိန်ကို စစ်ဆေးပါ။
ဘယ် App ကို အချိန်အများဆုံးအသုံးပြုနေသလဲဆိုတာ သိရှိလာတဲ့အခါ မလိုအပ်တဲ့ Screen Time ကို သတ်မှတ်ပြီး လျှော့ချနိုင်ပါတယ်။ ပုံမှန်စောင့်ကြည့်ခြင်းက ကိုယ့်ရဲ့ Screen အသုံးပြုမှုအလေ့အထကို နားလည်စေပြီး ပိုမိုမျှတတဲ့ နေ့စဉ်အသုံးပြုမှုပုံစံကို တည်ဆောက်နိုင်စေပါတယ်။
မျက်လုံးကျန်းမာရေးအတွက် နေ့စဉ်အလေ့အထကို ဂရုစိုက်ပါ
Screen အသုံးပြုမှုကို လုံးဝရှောင်ရှားဖို့ မလိုအပ်ပါဘူး။ ပုံမှန်အနားပေးခြင်း၊ သင့်တော်တဲ့အကွာအဝေးနဲ့ အလင်းရောင်ကို ချိန်ညှိခြင်း၊ Screen Time ကို လျော့ချခြင်းတို့ကို နေ့စဉ်အလေ့အထအဖြစ် ကျင့်သုံးပါ။
မျက်လုံးခြောက်သွေ့ခြင်း၊ အမြင်ဝေဝါးခြင်း သို့မဟုတ် မျက်စိနာကျင်ခြင်းတွေ ဆက်လက်ဖြစ်ပေါ်နေပါက မျက်စိကျန်းမာရေး ကျွမ်းကျင်သူထံ စစ်ဆေးမှုခံယူပါ။ Screen အသုံးပြုမှုကို စနစ်တကျထိန်းချုပ်ပြီး မျက်လုံးအတွက် လိုအပ်တဲ့ အနားယူချိန်ကို ပုံမှန်ပေးပါ။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။