ကိုယ့်ကိုယ်ကို ချစ်ဖို့ မမေ့ပါနဲ့

Oct 14, 2026
Lifestyle
ကိုယ့်ကိုယ်ကို ချစ်ဖို့ မမေ့ပါနဲ့

နေ့စဉ်ဖြတ်သန်းနေရတဲ့ လူနေမှုဘဝရဲ့ လှုပ်ရှားရုန်းကန်မှုတွေကြားမှာ မိသားစု၊ အလုပ်၊ သူငယ်ချင်းနဲ့ ပတ်ဝန်းကျင်ကို အဆင်ပြေဖို့အတွက်အရာရာကို ဦးစားပေး ဖြည့်ဆည်းပေးခဲ့ကြပါတယ်။ သူများကို ဂရုစိုက်ပေးရတာ၊ သူများ အလိုကျ နေပေးရတာနဲ့ပဲ အချိန်တွေ ကုန်လွန်သွားခဲ့ပြီး မေ့လျော့ထားမိတတ်တဲ့ သူတစ်ယောက်ရှိပါတယ်။ အဲဒါကတော့ စက်ရုပ်တစ်ရုပ်လို မနားတမ်း လုပ်နေရတဲ့ ကိုယ့်ကိုယ်ကို ပါပဲ။

သူတစ်ပါးကို ဂရုစိုက်ပေးတာ၊ စာနာပေးတာတွေက မွန်မြတ်တဲ့ စိတ်ဓာတ်ဖြစ်ပေမဲ့ အဲဒီချစ်ခြင်းတွေထဲမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့နဲ့ ချစ်ပေးဖို့ မေ့သွားတဲ့အခါ အချိန်တိုအတွင်းမှာတင် စိတ်ပင်ပန်းမှု၊အထီးကျန်မှု တွေကိုပဲ ခံစားရစေပါတယ်။ ဘဝမှာ တကယ် အေးချမ်းချင်ရင် ကိုယ့်ကိုယ်ကို ပြန်လည် ချစ်တတ်အောင် ဒီအချက်လေးတွေကို သတိရပါ။

၁။ ကိုယ့်ကိုယ်ကို ပထမထားပါ- သူများ ကျန်းမာရေး၊ သူများ အဆင်ပြေရေးကို စိုးရိမ်ပေးသလို ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကိုလည်း ဦးစားပေး စောင့်ရှောက်ပါ။ ကိုယ်တိုင် အားပြည့်နေမှ၊ စိတ်ချမ်းသာနေမှ သူတစ်ပါးကိုလည်း အမှန်တကယ် မေတ္တာပေးနိုင်မှာပါ။

၂။ ငြင်းဆိုရမှာ မကြောက်ပါနဲ့- ကိုယ့်စွမ်းအင်တွေကို ကုန်ခမ်းစေမယ့် ကိစ္စတွေ၊ စိတ်ဖိစီးမှုပဲ ပေးမယ့် လူမှုရေးပွဲတွေကို အားနာလို့ လိုက်လုပ်နေတာမျိုး ရပ်လိုက်ပါ။ သူတစ်ပါး အလိုကျ လိုက်ဖြည့်ဆည်းပေး နေတာထက် မိမိကိုယ်ကို ကာကွယ်ဖို့ စည်းဘောင်တစ်ခုခြားပြီး ရဲရဲဝံ့ဝံ့ ငြင်းဆန်တတ်ဖို့ လိုပါတယ်။ လိုအပ်တဲ့အခါ ပြတ်ပြတ်သားသား ငြင်းဆိုတတ်တာဟာ ကိုယ့်အေးချမ်းမှုကို ကာကွယ် လိုက်တာပါပဲ။

၃။ကိုယ့်အတွက်အချိန်ပေးပါ- တစ်နေ့တာမှာ မိမိ ဝါသနာပါတာဖြစ်တဲ့ ဟင်းချက်တာ၊ သီချင်းနားထောင်တာ၊ စာဖတ်တာ ဒါမှမဟုတ် ဘာမှမလုပ်ဘဲ အေးဆေးနားနေဖို့ သီးသန့်အချိန်လေး ဖန်တီးပေးပါ။ ဒါ့အပြင် အိပ်ရေးဝဝအိပ်တာ၊ အာဟာရရှိတာတွေ စားတာနဲ့ ခန္ဓာကိုယ်လှုပ်ရှား ပေးတာ တွေဟာလည်း ကိုယ့်ကိုယ်ကို ချစ်ကြောင်း ပြသတဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။

၄။အတိတ်မှာ ပိတ်မိမနေပါနဲ့ - လွန်ခဲ့တဲ့အတိတ်က အကြောင်းအရာတွေ၊  အမှားတွေ၊ မဆုံသင့်ဘဲ ဆုံခဲ့ရတဲ့ ဆက်ဆံရေးတွေအတွက် ကိုယ့်ကိုယ်ကို အပြစ်တင် နှိပ်စက်နေတာမျိုး တွေကိုရပ်လိုက်ပါ။ လူတိုင်း အမှားလုပ်ဖူးကြပါတယ်။ အတိတ်က သင်ခန်းစာ ယူစရာတွေကိုပဲ ယူပြီး ဒီနေ့မှာ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ပဲ အာရုံစိုက်ပါ။

၅။စိတ်ဒဏ်ရာတွေကို အနားပေးပါ-အမြဲတမ်း သန်မာနေစရာ မလိုပါဘူး။ ငိုချင်ရင် ငိုချလိုက်ပါ၊ ဝမ်းနည်းရင် ဝမ်းနည်းကြောင်း လက်ခံလိုက်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို အစစ်အမှန်အတိုင်း လက်ခံပေး တာက အကောင်းဆုံး စိတ်ဓာတ်ကုသခြင်း ဖြစ်ပါတယ်။

သူများကို ချစ်ပေးခဲ့တဲ့ စေတနာရဲ့ တစ်ဝက်လောက်ကို ကိုယ့်ကိုယ်ကို ပြန်ပေးလိုက်ပါ။ ကိုယ့်ကိုယ်ကို ချစ်တတ်သွားတဲ့နေ့ဟာ ဘဝရဲ့ အစစ်မှန်ဆုံး အေးချမ်းခြင်းကို စတင်ရရှိတဲ့နေ့ပါပဲ။ ဒါကြောင့် ဘဝရဲ့ ခရီးလမ်းမှာ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ်၊ ဘယ်လောက်ပဲ ရုန်းကန်ရပါစေ... "ကိုယ့်ကိုယ်ကို ချစ်ဖို့တော့ မမေ့ပါနဲ့"။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

2
0

Recent Posts