☀️ စူပါအယ်လ်နီညိုနဲ့ နေပူရှိန်ပြင်းချိန်မှာ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ?

Oct 12, 2026
ကြိုတင်ကာကွယ်ခြင်း
☀️ စူပါအယ်လ်နီညိုနဲ့ နေပူရှိန်ပြင်းချိန်မှာ ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ?

ရာသီဥတုပူပြင်းလာတဲ့အခါ ရေဓာတ်ခန်းခြောက်ခြင်း၊ အပူဒဏ်ကြောင့် နာမကျန်းဖြစ်ခြင်းနဲ့ နဂိုရှိရင်းစွဲရောဂါများ ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များနဲ့ နှလုံး၊ ကျောက်ကပ်၊ ဆီးချို၊ ပန်းနာရင်ကျပ် စတဲ့ နာတာရှည်ရောဂါရှိသူတွေဟာ အပူဒဏ်ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေ ပိုများပါတယ်။

ဒါကြောင့် နေပူရှိန်ပြင်းချိန်မှာ ကျန်းမာရေးကို ကာကွယ်နိုင်ဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

☀️ နေပူရှိန်ပြင်းချိန်မှာ ဆောင်ရန်များ

၁။ ရေကို ပုံမှန်သောက်ပါ

ရေငတ်မှ သောက်တာမျိုးမဟုတ်ဘဲ တစ်နေ့တာလုံး ရေကို မကြာခဏသောက်ပေးပါ။  ချွေးထွက်များပါက ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်သလို ဓာတ်ဆားရည် သောက်သုံးနိုင်ပါတယ်။

၂။ နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကို လျှော့ချပါ

ဖြစ်နိုင်ရင် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ခြင်းကို ရှောင်ပါ။ မဖြစ်မနေ အပြင်ထွက်ရပါက ထီး၊ ဦးထုပ်နဲ့ ရေဘူးတို့ကို ယူဆောင်သွားပါ။

၃။ နေအိမ်ကို အေးမြပြီး လေဝင်လေထွက်ကောင်းအောင် ထားပါ

နေရောင်တိုက်ရိုက်ကျတဲ့ ပြတင်းပေါက်တွေကို ကာထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပါ။ ပန်ကာကို သင့်တော်စွာ အသုံးပြုပြီး အပူပြင်းချိန်မှာ အေးမြတဲ့နေရာမှာ အနားယူပါ။

၄။ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ပါ

ချောင်ချိပြီး ပေါ့ပါးတဲ့ အဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။ ချွေးစိုနေတဲ့ အဝတ်အစားတွေကို ပုံမှန်လဲလှယ်ပြီး အရေပြားကို သန့်ရှင်းခြောက်သွေ့အောင် ထားပါ။

🚫 နေပူချိန်မှာ ရှောင်ရန်များ

 အရက်၊ ဘီယာနဲ့ ကဖိန်းဓာတ်ပါသော အဖျော်ယမကာများကို အလွန်အကျွံ မသောက်ပါနဲ့။

 နေပူထဲမှာ အချိန်ကြာကြာနေခြင်းနဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ။

 ချွေးစိုနေတဲ့ အဝတ်အစားတွေကို ကြာရှည်မဝတ်ပါနဲ့။ အရေပြားယားယံခြင်းနဲ့ မှိုစွဲခြင်းတို့ကို ကာကွယ်ဖို့ အဝတ်အစားတွေကို ပုံမှန်လဲလှယ်ပါ။

 မူးဝေခြင်း၊ ခေါင်းကိုက်ခြင်းတို့ကို လျစ်လျူမရှုပါနဲ့။ အေးမြတဲ့နေရာမှာ အနားယူပြီး မသက်သာပါက ဆေးကုသမှုခံယူပါ။

 အပူရှပ်ခြင်းကို ပါရာစီတမော (Paracetamol) နဲ့ ကုသဖို့ မကြိုးစားပါနဲ့။  အရေးပေါ်ကုသမှု ချက်ချင်းလိုအပ်ပါတယ်။

⚠️ အပူရှပ်ခြင်းရဲ့ လက္ခဏာတွေကို သိထားပါ

ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ အားအင်ကုန်ခန်းခြင်းတို့အပြင် စိတ်ရှုပ်ထွေးခြင်း၊ သတိလစ်ခြင်းနဲ့ တက်ခြင်းတို့ ဖြစ်ပေါ်လာပါက အပူရှပ်ခြင်း ဖြစ်နိုင်ပါတယ်။

ဒီလိုလက္ခဏာတွေ တွေ့ရပါက အရေးပေါ်ဆေးကုသမှု ချက်ချင်းရယူပါ။ လူနာကို အေးမြတဲ့နေရာသို့ ရွှေ့ပြီး ခန္ဓာကိုယ်ကို အမြန်အေးမြအောင် ပြုလုပ်ပေးပါ။ သတိလစ်နေသူကို ပါးစပ်မှ ရေ၊ ဆေးနဲ့ အစားအစာ မတိုက်ပါနဲ့။

🌤️ မိသားစုကျန်းမာရေးကို ဂရုစိုက်ကြပါစို့

ရာသီဥတုပူပြင်းချိန်မှာ ရေကို ပုံမှန်သောက်ခြင်း၊ အပူဒဏ်ကို ရှောင်ရှားခြင်းနဲ့ အန္တရာယ်လက္ခဏာတွေကို စောစီးစွာ သတိပြုခြင်းတို့က အရေးကြီးပါတယ်။

အထူးသဖြင့် ကလေးငယ်များနဲ့ သက်ကြီးရွယ်အိုတွေ ရေကို ပုံမှန်သောက်ဖြစ်ရဲ့လား၊ အပူဒဏ်ခံစားနေရလားဆိုတာ ဂရုစိုက်စောင့်ကြည့်ပေးပါ။

နေ့စဉ်အလေ့အကျင့်လေးတွေကနေစပြီး ကိုယ်တိုင်သာမက မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုပါ ဂရုစိုက်ကာ အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ကြပါစို့။ 💙🧡

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts