အိပ်ရေးမဝတာက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေသလဲ?

Aug 26, 2026
Healthy
အိပ်ရေးမဝတာက ခန္ဓာကိုယ်ကို ဘယ်လိုသက်ရောက်စေသလဲ?

နေ့စဉ်ဘဝမှာ အလုပ်တွေအရမ်းများတာ၊ ညဘက်ဖုန်းသုံးတာများတာနဲ့ စိတ်ဖိစီးမှုတွေကြောင့် ညဘက်အိပ်ချိန်တွေ လျော့နည်းသွားတတ်ကြပါတယ် 😴ညဘက်တွေမှာ ဖုန်းကြည့်မိလို့ဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် အိပ်ရေးမဝတဲ့အခါ နောက်ရက်မှာ ခန္ဓာကိုယ်က ချက်ချင်း သိသိသာသာ သတိပေးလာတတ်ပါတယ်။ ဒါပေမယ့် အိပ်ရေးမဝခြင်းက သာမန်မျက်စိတွင်းကျတာ၊ အိပ်ငိုက်တာလောက်ပဲ မဟုတ်ဘဲ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအပေါ်မှာ ထင်ထားတာထက် ပိုပြီး ဆိုးဆိုးရွားရွား သက်ရောက်မှုရှိစေနိုင်ပါတယ်။

ဒါကြောင့် အိပ်ရေးမဝခြင်းက ရေတိုနဲ့ ရေရှည်မှာ ခန္ဓာကိုယ်ကို ဘယ်လိုဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာ အတူတူ လေ့လာကြည့်လိုက်ရအောင်နော်။ 👇😴"

🧠 ၁။ ဉာဏ်ရည်နဲ့ အာရုံစူးစိုက်နိုင်စွမ်း လျော့နည်းခြင်း

အိပ်ရေးမဝတဲ့အခါ ဦးနှောက်က လုံလောက်စွာ အနားမယူရသေးတာကြောင့် အာရုံစူးစိုက်နိုင်စွမ်း (Concentration) နဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းတွေ သိသိသာသာ ကျဆင်းလာနိုင်ပါတယ်။ဒါကြောင့် အလုပ်လုပ်ရာမှာဖြစ်စေ၊ စာသင်/စာဖတ်ရာမှာဖြစ်စေ အာရုံစိုက်ရခက်ခဲလာပြီး သာမန်ထက် ပိုမိုမေ့လျော့တတ်လာတတ်ပါတယ်။ ဒါ့အပြင် အလုပ်ခွင်ထဲမှာ တုံ့ပြန်မှုတွေ နှေးကွေးပြီး အမှားအယွင်းတွေ ဖြစ်ပေါ်လွယ်တတ်တဲ့အပြင် ဆုံးဖြတ်ချက်အမှားတွေပါ ချမိတတ်ပါတယ်။

အိပ်ရေးပျက်တာ ကြာလာတာနဲ့အမျှ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီး ရေရှည်မှာ မှတ်ဉာဏ်စွမ်းရည်ကိုပါ သိသိသာသာ လျော့နည်းကျဆင်းစေနိုင်တာကြောင့် နေ့စဉ် လုံလောက်တဲ့ အိပ်စက်ချိန်ရရှိဖို့ အရမ်းကို အရေးကြီးပါတယ်။

🛡️ ၂။ ကိုယ်ခံအားစနစ် အားနည်းလာခြင်း

ခန္ဓာကိုယ်က လုံလောက်တဲ့ အိပ်စက်မှုမရရှိတဲ့အခါ ကိုယ်ခံအားစနစ် (Immune System) ရဲ့ လုပ်ဆောင်နိုင်စွမ်း ကသိသိသာသာ ကျဆင်းလာတတ်ပါတယ်။ အိပ်စက်နေစဉ်အတွင်း ခန္ဓာကိုယ်က ဆဲလ်များကို ပြန်လည်ပြုပြင်ပေးပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်ဖို့ အားဖြည့်ပေးတာပါ။အိပ်ရေးပျက်ခြင်းက ပြင်ပက ဝင်ရောက်လာမယ့် ရောဂါပိုးမွှားတွေကို တိုက်ဖျက်နိုင်စွမ်း လျော့နည်းသွားစေတာကြောင့် သာမန်ထက် ပိုပြီး ဖျားနာလွယ်လာတတ်ပါတယ်။

အထူးသဖြင့် အခုလို မိုးရာသီကာလမျိုးမှာ အိပ်ရေးမဝဘူးဆိုရင် ရာသီတုပ်ကွေး၊ အအေးမိ နှာစေး၊ ချောင်းဆိုးခြင်းနဲ့ ဖျားနာခြင်းတွေ ပိုမိုဖြစ်လွယ်လာနိုင်တာကြောင့် ခန္ဓာကိုယ်မှာ ရောဂါခုခံနိုင်စွမ်း အပြည့်ရှိနေစေဖို့ ညဘက်တွေကို အိပ်ရေးဝဝ အိပ်စက်ပေးဖို့ လိုအပ်ပါတယ်။ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းထားနိုင်ဖို့ လုံလောက်တဲ့ အိပ်စက်ချိန် ရရှိဖို့ကလည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

😡 ၃။ စိတ်အခြေအနေ ပြောင်းလဲလွယ်ခြင်း

အိပ်ချိန်မပြည့်ဝတဲ့အခါ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဖိစီးမှုဟော်မုန်း (Cortisol) ပမာဏ မြင့်တက်လာနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် စိတ်တိုလွယ်ခြင်း၊ စိတ်မရှည်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနှင့် စိတ်ဓာတ်ကျခြင်း စတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ထို့အပြင် နေ့စဉ်ကြုံတွေ့ရတဲ့ ပြဿနာအသေးအမွှားတွေကိုပါ ပုံမှန်ထက် ပိုမိုထိခိုက်ခံစားရလွယ်စေပြီး စိတ်အခြေအနေကို မတည်မငြိမ် ဖြစ်စေပါတယ်ရှင်။ 

👵 ၄။ အရွယ်တင်နုပျိုမှုကို ထိခိုက်စေခြင်း

အိပ်စက်ခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပျက်စီးသွားတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပြီး အသားအရေကို ကျန်းမာနုပျိုစေတဲ့ အရေးကြီးတဲ့ အချိန်တစ်ခု ဖြစ်ပါတယ်။

အိပ်ရေးမဝတဲ့အခါ ဆဲလ်များ ပြန်လည်ပြုပြင်နိုင်စွမ်း လျော့နည်းသွားတာကြောင့် အသားအရေ ခြောက်သွေ့ခြင်း၊ မျက်အိတ်တွဲခြင်း၊ မျက်ကွင်းညိုခြင်းနှင့် အရေးအကြောင်းများ စောစီးစွာ ပေါ်လာနိုင်ပါတယ်။ ထို့အပြင် အိပ်ရေးပျက်တာ ကြာလာလေလေ အသားအရေ ညှိုးနွမ်းလာပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေနိုင်တာကြောင့် ကျန်းမာနုပျိုတဲ့ အသားအရေနဲ့ အရွယ်တင်တဲ့ အသွင်အပြင်ကို ထိန်းသိမ်းချင်တယ်ဆိုရင် Skin Care တင်မကဘဲ အိပ်ရေးဝဝ အနားယူဖို့လည်း အရေးကြီးပါတယ်ရှင်။ ✨😴 

⚖️၅။ ကိုယ်အလေးချိန် တက်လာနိုင်ခြင်း

အိပ်ရေးမဝခြင်းက အစာစားချင်စိတ်နဲ့ ဆာလောင်မှုကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းများ မညီမျှမှု ဖြစ်လာနိုင်ပြီး ကိုယ်အလေးချိန် တက်လာခြင်းနှင့် အဝလွန်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုကို ဖြစ်စေတဲ့ Ghrelin ဟော်မုန်းကို ပိုမိုထုတ်လုပ်ပြီး၊ ဗိုက်ပြည့်တယ်လို့ ခံစားရစေတဲ့ Leptin ဟော်မုန်းပမာဏကို လျော့နည်းစေပါတယ်။ ဒါကြောင့် ပုံမှန်ထက် ပိုမိုဆာလောင်လာပြီး အချိုစားစရာများ၊ သရေစာများနှင့် ကယ်လိုရီမြင့်မားတဲ့ အစားအစာတွေကို ပိုစားမိတတ်တာကြောင့် ရေရှည်မှာ ကိုယ်အလေးချိန် တက်လာစေနိုင်ပါတယ်။

❤️ ၆။ နှလုံးကျန်းမာရေးကို ထိခိုက်စေခြင်း

အိပ်ရေးမဝခြင်းက နေ့စဉ်စွမ်းအင်ကိုသာ ထိခိုက်စေတာမဟုတ်ဘဲ နှလုံးကျန်းမာရေးအပေါ်ကိုလည်း ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိစေနိုင်ပါတယ်။ပုံမှန်အိပ်စက်ခြင်းက ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းကို ပုံမှန်အတိုင်း လည်ပတ်နိုင်အောင် ထိန်းညှိပေးတဲ့ အချိန်ဖြစ်ပါတယ်။

ဒါပေမယ့် အိပ်ရေးမဝတဲ့အခါ သွေးကြောများ ကျဉ်းလာနိုင်ပြီး သွေးပေါင်ချိန် မြင့်တက်လာစေကာ နှလုံးနှင့် သွေးကြောများအပေါ် ဖိအားပိုမိုများပြားစေနိုင်ပါတယ်။

အိပ်ရေးပျက်တာ ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှုအဆင့်လည်း မြင့်တက်လာပြီး နှလုံးအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေပါတယ်။ ရေရှည်တွင် သွေးပေါင်ချိန်မြင့်ခြင်း၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါများနှင့် လေဖြတ်ခြင်း (Stroke) ကဲ့သို့သော ကျန်းမာရေးပြဿနာများ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်တာကြောင့် ကိုယ့်ရဲ့ နှလုံးကျန်းမာရေးအတွက် ညဘက်တွေမှာ အိပ်ချိန်ပြည့်ဝဖို့ တကယ့်ကို မရှိမဖြစ် လိုအပ်ပါတယ်ရှင်။ 

ကောင်းမွန်စွာ အိပ်စက်ခြင်းက ကျန်းမာပျော်ရွှင်တဲ့ ဘဝတစ်ခုအတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို လျှော့ချနိုင်ဖို့ —

✔️ နေ့စဉ် အချိန်မှန် အိပ်စက်ပါ။ ✔️ အိပ်ခါနီး ဖုန်းအသုံးပြုမှုကို လျှော့ချပါ။ ✔️ ကော်ဖီနဲ့ ကဖိန်းဓာတ်ပါဝင်သော အချိုရည်များကို ညနေပိုင်းတွင် ရှောင်ပါ။ ✔️ အိပ်ခန်းကို သက်တောင့်သက်သာရှိအောင် ထားပါ။

ကျန်းမာရေးကောင်းဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းတင်မကဘဲ လုံလောက်တဲ့ အိပ်စက်မှုကလည်း အရေးကြီးတာမို့ ဒီနေ့ညတော့ အိပ်ရေးဝဝ အိပ်ပြီး အနားယူဖို့ မမေ့ပါနဲ့နော် 😴💙✨

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0