အခုတစ်လော ရေကြီးလိုက်၊ မြေပြိုလိုက်၊ ငလျင်လှုပ်လိုက်နဲ့ ခဏခဏ ဖြစ်နေတဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြည့်ပြီး တကယ်ပဲ ကြောက်ဖို့ကောင်းလှပါတယ်။ "နေ့မြင် ညပျောက်" ဆိုသလို အသက်ဘေးတွေ အဖြစ်များလာတဲ့အခါ အနိစ္စ ဆိုတဲ့ သံဝေဂတရားတွေ ဝင်လာသလို "ငါတို့ကော ဘယ်တော့ပါသွားမလဲ" ဆိုတဲ့ အကြောက်တရားနဲ့အတူ သတိတရားလည်း ယှဉ်တွဲဝင်ရောက်လာပါတယ်။
ဒီလို သဘာဝတရားကြီး ဖောက်ပြန်ပျက်စီးရတာဟာ သဘာဝရဲ့ အလိုလို ဖြစ်စဉ်ထက် လူတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်ရတာက အများဆုံး ဖြစ်ပါတယ်။ သစ်ပင်သစ်တောတွေကို စည်းမဲ့ကမ်းမဲ့ ခုတ်ထွင်ရှင်းလင်းတာတွေနဲ့အတူ လူတွေရဲ့ မသန့်ရှင်းတဲ့ စိတ်ဓာတ်တွေ၊ ကောက်ကျစ်မှုတွေနဲ့ လူမဆန်တဲ့ အပြုအမူတွေကြောင့် သဘာဝတရားကြီးက စတင်ကာ ဖောက်ပြန်လာတာ ဖြစ်ပါတယ်။ "ကံ ကံ၏အကျိုး" ဆိုသလိုပါပဲ။
ဒါကြောင့် အချိန်ရှိပါသေးတယ်ဆိုပြီး မပေါ့ဆဘဲ အချိန်မီတုန်းမှာ အသိနဲ့ သတိလေးကပ်၊ လောဘ၊ ဒေါသ လေးတွေကို လျှော့ပြီး ကိုယ့်အတွက် တကယ် သံသရာအထိ ပါသွားမယ့် ကုသိုလ်တရားတွေကိုပဲ ပြုလုပ်သင့်ပါတယ်။
တစ်ဘဝစာအတွက်တင် မကြည့်ပါနဲ့ - သံသရာ နောက်ဘဝတွေအထိ ကောင်းကျိုးပေးနိုင်အောင် ကိုယ်ပြုလုပ်နေတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ အရာရာတိုင်း မှန်ကန်ရဲ့လားဆိုတာကို အရင်ဆုံး ပြန်လည်ဆင်ခြင်ပါ။
ဘာသာတရားကို မမေ့ပါနဲ့ - မိမိ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမတွေကို မမေ့လျော့ဖို့လည်းလိုပါတယ်။ ဘာသာတရားက ပေးတဲ့ ငြိမ်းချမ်းမှုနဲ့ အသိဉာဏ်ပညာဟာ ဘေးအန္တရာယ်တွေကြားထဲမှာ ကိုယ့်အတွက် အကောင်းဆုံး လမ်းပြကြယ်ပဲ ဖြစ်ပါတယ်။
စိတ်ကောင်းလေးတွေ မွေးမြူပါ - ဘယ်သူတွေ ကောင်းကောင်း မကောင်းကောင်း ကိုယ်ကတော့ ကောင်းအောင် နေဖို့လိုပါတယ်။ "မိုးခါးရေ" ကို ဘယ်သူတွေပဲ သောက်သောက် ကိုယ်တိုင် ပါဝင်သောက်စရာ မလိုပါဘူး။
ဘုံဘဝအသီးသီးထဲမှာ လူ့ဘဝဟာ အကောင်းဆုံးဖြစ်ပြီး ကုသိုလ်ရော အကုသိုလ်ပါ ပြုလုပ်ဖို့ ရွေးချယ်နိုင်ခွင့်ရှိတဲ့ အလွန်တန်ဖိုးရှိသော ဘဝတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် ရခဲလှစွာသော လူဘဝမှာ အသိ နဲ့ သတိ ယှဉ်ကာလုပ်ဆောင်ပြီး၊ ရရှိထားတဲ့ ခဏတာ ဘဝလေးမှာ အမှားအနည်းဆုံး လူသားအဖြစ် ကြိုးစားနေထိုင်ရင်း ကပ်ကြီးသုံးပါးမှ ကင်းဝေးနိုင်ကြပါစေ။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။