ကိုယ်ပိုင်အလှတရား

Sep 16, 2026
Beauty
ကိုယ်ပိုင်အလှတရား

 မနက်နိုးလို့ မှန်ရှေ့ရပ်လိုက်တဲ့အခါ စိတ်ထဲ ပထမဆုံး ဝင်လာတဲ့ အတွေးက ဘာဖြစ်မလဲ။ မှန်ကြည့်လိုက်တာနဲ့ အိပ်ရေးမဝလို့ မည်းနေတဲ့ မျက်ကွင်းလေးတွေ ပါးပြင်ပေါ်က ဝက်ခြံ အမာရွတ်လေးတွေနဲ့ အသက်ရလာလို့ ပေါ်လာတဲ့ အရေးအကြောင်းလေးတွေကိုပဲ အရင်ဆုံး လိုက်ရှာပြီး စိတ်ပျက်မိတတ်ကြပါတယ်။

တိုနာ၊ခရင်မ်တွေလည်း လိမ်းတာပဲ ဘာလို့ Glass Skin မဖြစ်တာလဲဆိုပြီး မှန်ကြည့်ရင်းနဲ့တင် စိတ်ညစ်နေရတာမျိုးတွေရှိပါတယ်။ အပြစ်အနာအဆာမရှိ လှနေရမယ်ဆိုတဲ့ အရာတွေကြားမှာ ကိုယ့်အသားအရည် သဘာဝအတိုင်း လှနေဖို့  စိတ်မောနေရတာမျိုးလည်း ရှိတတ်ကြပါတယ်။ ဒါဆို အပြစ်အနာအဆာလေးတွေကို လက်ခံပေးပြီး မှန်ကြည့်တိုင်း စိတ်ပေါ့ပါးသွားအောင် ---

၁။ မှန်ထဲက ကိုယ့်ကိုယ်ကို အရင်ဆုံး ပြုံးပြပါ- အလှဆုံး မိတ်ကပ်ဆိုတာ ဈေးကြီးတဲ့ ဖောင်ဒေးရှင်း မဟုတ်ပါဘူး၊ ကိုယ့်မျက်နှာပေါ်က အပြုံးပါ။ မှန်ကြည့်လိုက်တာနဲ့ အပြစ်အနာအဆာကို လိုက်ရှာမကြည့်ဘဲ မှန်ထဲက ကိုယ့်ကိုယ်ကို အလှဆုံး ပြုံးပြလိုက်ပါ။ အဲဒီအပြုံးတစ်ခုတည်းနဲ့တင် သင့်မျက်နှာက ချက်ချင်း သက်ဝင်လှပသွားပါတယ်။

၂။ အပြစ်အနာအဆာကို လက်ခံလိုက်ပါ- မျက်နှာပေါ်က မျက်ကွင်းညိုတာလေးတွေ၊ အရေးအကြောင်းလေး တွေဟာ ချို့ယွင်းချက် မဟုတ်ပါဘူး။ ဒါတွေဟာ စိတ်ဖိစီးမှုတွေ၊ အလုပ်တာဝန်တွေကြားမှာ ဒီနေ့ထိ ဘဝကို ရုန်းကန် ဖြတ်သန်းလာခဲ့ရတဲ့ သင့်ရဲ့ ကြံ့ခိုင်မှု သက်သေလေးတွေပါ။ အပြစ်အနာအဆာတွေကို လက်ခံပေး လိုက်တဲ့အခါ စိတ်ရောကိုယ်ပါ ပေါ့ပါးသွားတာကို ခံစားရပါလိမ့်မယ်။

၃။ပင်ကိုယ်အလှကို ယုံကြည်ပါ-လူတိုင်းမှာ ပင်ကိုယ်အလှက ရှိပြီးသားပါ။ မိတ်ကပ် မပါလည်း သင့်ရဲ့ အပြုံး၊ သင့်ရဲ့ မျက်ဝန်းနဲ့ သင့်ရဲ့ ရိုးသားတဲ့ ပုံရိပ်လေးမှာ သီးသန့် ဆွဲဆောင်မှုတစ်မျိုးစီ ရှိပြီးသားပါ။ သူများအကြိုက် လှနေဖို့ထက် ကိုယ့်ရဲ့ သဘာဝအတိုင်း ပုံရိပ်ကို ကိုယ်တိုင် မြတ်နိုးတတ်လာတာဟာ အစစ်မှန်ဆုံး ယုံကြည်မှုပါပဲ။

  မိတ်ကပ်ဆိုတာ ကိုယ့်အလှကို ပိုမို တောက်ပြောင်စေမယ့် အရာတစ်ခု ဖြစ်နိုင်ပေမဲ့ မိတ်ကပ်မပါတဲ့ သင့်ရဲ့ သဘာဝအတိုင်း အပြုံးကတော့ ဘာနဲ့မှ လဲလို့မရတဲ့ အစစ်မှန်ဆုံး အလှတရား ဖြစ်ပါတယ်။ သူများတွေ သတ်မှတ်ထားတဲ့ ပြီးပြည့်စုံခြင်းနောက်ကို လိုက်ရင်း စိတ်ပင်ပန်းနေမည့်အစား၊ မှန်ကြည့်တိုင်း ကိုယ့်ရဲ့ ပင်ကိုယ်အလှကို တန်ဖိုးထားပြီး သဘောကျနေဖို့က ပိုအရေးကြီးပါတယ်။ မှန်ရှေ့ရပ်လိုက်တိုင်း ကိုယ့်ကိုယ်ကို "ဒီနေ့လည်း တကယ် လှနေတာပဲ" ဆိုတဲ့ စိတ်နဲ့ပေါ့။

 🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0