မိဘတိုင်းဟာ မိမိတို့ရဲ့ သားသားမီးမီးတွေကို အကောင်းဆုံး ပြုစုပျိုးထောင်ချင်ကြပါတယ်။ ဒါပေမဲ့ နေ့စဉ် အလုပ်ရှုပ်နေတဲ့အခါ ကလေးတွေရဲ့ တတွတ်တွတ်နဲ့ ပြောနေတဲ့ စကားလေးတွေကို သတိမထားမိဘဲ ကျော်သွားတတ်ကြပါတယ်။"မေမေ... ဖေဖေ... သမီး/သား ပြောစရာရှိလို့" ဆိုပြီး ကလေးတွေ အနားလာတဲ့အခါ သင် ဘာလုပ်လေ့ရှိလဲ? မျက်နှာက ဖုန်းစခရင်ကို ကြည့်နေတုန်းပဲလား၊ ဒါမှမဟုတ် "အေး... ပြော၊ ပြော" ဆိုပြီး လက်လွှတ်စပယ်ပဲ ဖြတ်ပစ်လိုက်မိလား။
' ကလေးပဲ... ဘာအရေးကြီးတာ ပြောမှာမို့လို့လဲ' ဆိုတဲ့ အဲဒီအတွေးက သင့်သားသမီးကို သင့်အနားကနေ တစ်လှမ်းချင်း ဝေးသွားအောင် တွန်းထုတ်နေတာ ဖြစ်နိုင်ပါတယ်။ စိတ်ပညာရှင်တွေရဲ့ အဆိုအရ ကလေးငယ်တွေရဲ့ စကားကို သေချာနားထောင်ပေးခြင်းဟာ သူတို့လေးတွေရဲ့ အနာဂတ်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာကို ဒီ Blog လေးမှာ ဝေမျှပေးလိုက်ပါတယ်။
၁။ မိမိကိုယ်ကို ယုံကြည်မှု တိုးတက်စေခြင်း- ကလေးတွေဟာ သူငယ်ချင်းအကြောင်း၊ ကစားစရာအကြောင်း၊ ရိုးရှင်းတဲ့ မေးခွန်းလေးတွေဟာ လူကြီးတွေအတွက် အသေးအဖွဲဖြစ်ပေမဲ့ ကလေးတွေအတွက်တော့ ဒါဟာ သူတို့ရဲ့ ကမ္ဘာတစ်ခုလုံးပါပဲ။ မိဘက စိတ်မဝင်စားသလို တုံ့ပြန်လိုက်ရင် "ငါပြောတာ နားမထောင်ပါလား" ဆိုပြီး ကလေးမှာ စိတ်ဒဏ်ရာ ရသွားတတ်ပါတယ်။ ကလေးစကားပြောချိန်မှာ သေချာနားထောင်ပေးခြင်းက "ငါဟာ မိဘတွေအတွက် အရေးပါတဲ့သူပဲ" ဆိုတဲ့ ယုံကြည်မှုကို ရင်ထဲမှာ ဖြစ်ပေါ်စေပြီး ကြီးလာတဲ့အခါ လူကြားထဲ ရဲရဲဝံ့ဝံ့ စကားပြောရဲသူ ဖြစ်လာပါလိမ့်မယ်။
၂။ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်း- မိဘနဲ့ကလေးကြား အပြန်အလှန် စကားပြောဆိုခြင်းက ကလေးရဲ့ ဦးနှောက်ဆဲလ်များကို ပိုမိုလှုံ့ဆော်ပေးပါတယ်။ မိဘက သေချာနားထောင်ပြီး တုံ့ပြန်ပေးတဲ့အခါ ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ပိုမိုမြင့်မားလာစေပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အများကြီး အထောက်အကူပြုပါတယ်။
၃။ မျက်လုံးချင်းဆုံကာ နားထောင်ပေးပါ - သားသမီးစကားကို နားထောင်တယ်ဆိုတာ နားနဲ့ ကြားရုံတင် မဟုတ်ပါဘူး။ ကလေးတွေ စကားပြောရင် အလုပ် (သို့မဟုတ်) ဖုန်းကို ခဏဘေးချထားလိုက်ပါ။ မျက်လုံးချင်းဆုံပြီး စိတ်ပါလက်ပါ နားထောင်ပေးတာဟာ အကောင်းဆုံး မေတ္တာပြနည်းတစ်ခုပါပဲ။ ဒါဟာ မိဘနဲ့ သားသမီးကြားမှာ ရင်းနှီးသော ဆက်ဆံရေးကို တည်ဆောက်ပေးရုံတင်မကဘဲ ကလေးတွေကို နွေးထွေးလုံခြုံမှု အပြည့်အဝ ခံစားရစေပါတယ်။
ကလေးတွေ တတွတ်တွတ်နဲ့ စကားလာပြောနေမယ့် အရွယ်ဟာ သိပ်ကိုတိုတောင်းလှပါတယ်။ သားသမီးဆိုတာ အတောင်စုံရင် ပျံသန်းမယ့် ငှက်ငယ်လေးတွေလိုပါပဲ။ သူတို့အနားမှာ ရှိနေတုန်း၊ ကိုယ့်ကို တွယ်တာနေတုန်း အချိန်လေးမှာ သူတို့ရဲ့ စကားသံသေးသေးလေးတွေကို တန်ဖိုးထား နားထောင်ပေးလိုက်ပါ။
ဒါကြောင့် ဒီနေ့ကစပြီး ဖုန်းကို ခဏချ၊ အလုပ်တွေကို ခဏဘေးဖယ်ပြီး သားသား မီးမီးတို့ရဲ့ ကမ္ဘာငယ်လေးထဲကို စိတ်ပါလက်ပါ ဝင်ရောက်နားထောင်ပေးလိုက်ကြရအောင်ရှင်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။