🤍အဖေများနေ့ ဆိုတာ ဘာလဲ?
နှစ်စဉ် ဇွန်လရဲ့ တတိယပတ် တနင်္ဂနွေနေ့ ဟာ ကမ္ဘာတစ်ဝန်းလုံးက အဖေတွေကို ဂုဏ်ပြုတဲ့ "အဖေများနေ့ (Father's Day)" ဖြစ်ပါတယ်။ မိသားစုအတွက် အမြဲကြိုးစားပေးပြီး၊ မိမိတို့ရဲ့ မေတ္တာတွေကို တိတ်တဆိတ် ပေးဆပ်နေကြတဲ့ ဖခင်အားလုံးကို ကျေးဇူးဆပ်၊ ဂုဏ်ပြုဖို့ ရည်ရွယ်တဲ့ အထူးနေ့တစ်နေ့ ဖြစ်ပါတယ်။
🤍အဖေတွေရဲ့ မေတ္တာ
အမေတွေရဲ့ မေတ္တာက အေးမြတဲ့စမ်းရေပမာဆိုရင် အဖေတွေရဲ့ မေတ္တာကတော့ မြင့်မားခိုင်ခံ့တဲ့ တောင်ကြီးတစ်လုံးလိုပါပဲ။ အဖေတွေဟာ စကားနည်းတတ်ကြပြီး သားသမီးတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကို စကားလုံးတွေနဲ့ ထုတ်ဖော်ပြောဆိုလေ့ မရှိကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ဆုံးဖြတ်ချက်တိုင်း၊ ရွေးချယ်မှုတိုင်းမှာတော့ သားသမီးတွေအတွက်ဆိုတဲ့ မေတ္တာတွေ အမြဲတမ်း ရှိနေတတ်ပါတယ်။
🤍မိသားစုရဲ့ လုံခြုံရာအားထားရာ
ငယ်စဉ်ကာလတုန်းက “အမေ” လို့ အမြဲခေါ်တတ်ခဲ့ကြပေမယ့် “အဖေ ပြန်လာပြီ” ဆိုတဲ့ စကားသံကြားလိုက်ရတဲ့ အချိန်မှာတော့ အိမ်တစ်အိမ်လုံး ပိုပြီး လုံခြုံနွေးထွေးသွားသလို ခံစားရတတ်ပါတယ်။ အဖေဆိုတာ မိသားစုရဲ့ အားကိုးရာ၊ လုံခြုံမှုပေးသူနဲ့ ဘဝလမ်းကြောင်းကို မှန်ကန်စွာ ဦးဆောင်ပြသပေးတဲ့ လမ်းပြကြယ်တစ်ပွင့် ဖြစ်ပါတယ်။
🤍နောက်ကွယ်ကနေ တိတ်တဆိတ်ပေးဆပ်နေသော မေတ္တာ
မိသားစုအတွက် လိုအပ်တာမှန်သမျှကို ဘယ်တော့မှ မညည်းမညူဘဲ ရှာဖွေပေးပြီး သားသမီးတွေရဲ့ အနာဂတ်ကောင်းမွန်ဖို့ အမြဲကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းတစ်ခုခုကို ချက်ချင်းမဝယ်ပေးနိုင်ခဲ့ရင်တောင် နောက်ကွယ်မှာ ချွေတာစုဆောင်းပြီး ဖြည့်ဆည်းပေးဖို့ ကြိုးစားနေတတ်တာကလည်း အဖေတွေရဲ့ မေတ္တာပုံစံတစ်မျိုးပါပဲ။
🤍အဖေအရင်းပမာ ဂုဏ်ပြုထိုက်သူများ
အဖေများနေ့ဟာ မိမိကို မွေးကျွေးခဲ့တဲ့ ဖခင်အရင်းတစ်ယောက်တည်းကိုသာမက မိသားစုအတွက် ဖခင်တစ်ယောက်လို တာဝန်ယူပေးခဲ့သူတွေ၊ ဘဝလမ်းကြောင်းမှာ မှန်ကန်စွာ လမ်းညွှန်ပေးခဲ့သူတွေ၊ အခက်အခဲကြုံတိုင်း အားပေးကူညီပေးခဲ့တဲ့ ဖခင်ကဲ့သို့ ကျေးဇူးရှင်များ အားလုံးကိုပါ ကျေးဇူးတင်ဂုဏ်ပြုတဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။
🤍အဖေများနေ့ကို ဘယ်လို ဂုဏ်ပြုမလဲ?
ဒီနေ့ဟာ တန်ဖိုးကြီးလက်ဆောင်တွေ ပေးဖို့ထက် “ကျေးဇူးတင်ပါတယ် အဖေ” ဆိုတဲ့ စကားလေးတစ်ခွန်း ပြောပေးဖို့၊ အတူအချိန်ပေးဖို့နဲ့ အမှတ်တရကောင်းတွေ ဖန်တီးဖို့ ပိုအရေးကြီးတဲ့ နေ့တစ်နေ့ပါ။ အဖေတွေဟာ သားသမီးတွေဆီကနေ ခမ်းနားတဲ့ လက်ဆောင်တွေထက် အသိအမှတ်ပြုမှုနဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုလေးကို ပိုပြီး တန်ဖိုးထားတတ်ကြပါတယ်။
🤍အဖေအတွက် အမှတ်တရလေးများ ဖန်တီးပါ
ဖေဖေ့အနားမှာ ခဏလောက်ထိုင်ပြီး သူ့ရဲ့ အမှတ်တရဟောင်းတွေ ဘဝအတွေ့အကြုံတွေကို စိတ်ရှည်လက်ရှည် နားထောင်ပေးပါ။ ဖေဖေကြိုက်တတ်တဲ့ ဟင်းလေးတစ်ခွက်ကို ကိုယ်တိုင်ချက်ကျွေးပါ။ကျန်းမာရေးအတွက် လိုအပ်မယ့် ပစ္စည်းလေးတစ်ခုခု သို့မဟုတ် အားဆေးလေးတွေ လက်ဆောင်ပေးပြီး သင့်ရဲ့ ဂရုစိုက်မှုကို ပြသပါ။
🤍အဖေကို ကျေးဇူးတင်စကား ပြောဖို့ မမေ့ပါနဲ့
အဖေများနေ့မှာ ဖေဖေ့ကို ဖုန်းဆက်ပြီးဖြစ်ဖြစ်၊ လူချင်းတွေ့ပြီးဖြစ်ဖြစ် “ဖေဖေ့ကို ချစ်တယ်၊ ဖေဖေ ရှိနေပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောဖို့ မမေ့ပါနဲ့။ ဒီစကားလေးတစ်ခွန်းက ဖေဖေ့အတွက် အဖိုးတန်ဆုံး လက်ဆောင်တစ်ခု ဖြစ်နိုင်ပါတယ်။
🤍အဖေများအားလုံးအတွက် အမှတ်တရ ဆုတောင်းစကား
အဖေများနေ့ကို ဂုဏ်ပြုရင်း ကမ္ဘာတစ်ဝန်းက အဖေများအားလုံး ကျန်းမာပျော်ရွှင်ကြပြီး မိသားစုရဲ့ အားထားရာအဖြစ် အမြဲတမ်း ရာသက်ပန် ရှိနေနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။