မိုးရာသီ နဲ့ ဆံသားကျန်းမာရေး

Jun 24, 2026
Healthy
မိုးရာသီ နဲ့ ဆံသားကျန်းမာရေး

မိုးရာသီအေးအေးလေးမှာနေလို့ကောင်းပေမယ့် မိုးရေစိုတာကိုတော့ အများဆုံးမကြိုက်ကြပါဘူး။ စိုထိုင်းဆများတဲ့ လေထုနဲ့ မိုးရေတွေကြောင့် ဦးရေပြား ယားယံတာ၊ ဗောက်ထတာနဲ့ ဆံပင်အကျွတ်များတာတွေကို ဆိုးဆိုးရွားရွား ကြုံတွေ့ရတတ်ပါတယ်။ ဒါကြေင့် မိုးရေစိုလာတဲ့ ဆံပင်လေးတွေရဲ့ကျန်းမာရေးလည်းပိုပြီးဂရုစိုက်ဖို့လိုအပ်ပါတယ်။

မိုးရာသီရဲ့ စိုထိုင်းဆကြောင့် ဆံကေသာ ပျက်စီးတာမျိုးမဖြစ်ဘဲ အမြဲလှပနေစေဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်း (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်နော်။

၁. ခေါင်းကို မိုးရေစိုလာလျှင် ချက်ချင်းခေါင်းလျှော်ပါ_မိုးရေက သန့်ရှင်းတယ်ထင်ရပေမယ့် လေထုထဲက ဖုန်မှုန့်တွေ၊ ဓာတုဗေဒ အက်စစ်ဓာတ်တွေ တွဲပါလာတတ်လို့ ဆံသားကို ကြမ်းတမ်းစေတဲ့အပြင် ဦးရေပြားကိုပါ ပျက်စီးစေပါတယ်။ဆံပင်ဖွာလန်ကြဲတာကို ထိန်းချုပ်ဖို့ ခေါင်းလျှော်တိုင်း ပေါင်းဆေး (Conditioner) သုံးပါ။ဒါကြောင့် ခေါင်းလျှော်ဖို့ မပျင်းပါနဲ့။

၂. ဦးရေပြားကို ခြောက်သွေ့အောင်ထားပါ_စိုစွတ်နေတဲ့ ဦးရေပြားက ဗောက်နဲ့ မှိုကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ ခေါင်းလျှော်ပြီးတိုင်း Hair Dryer နဲ့ (သို့မဟုတ်) မျက်သုတ်ပဝါနဲ့ ဦးရေပြားကိုခြောက်အောင် သေချာသုတ်ပေးဖို့ မမေ့ပါနဲ့။ Hair Dryer သုံးတဲ့အခါမှာလည်း ဆံသားမပျက်စီးအောင် အပူချိန်အရမ်း မမြင့်ဖို့ သတိပြုရပါမယ်။

၃. ဘီးကျဲကိုသာ အသုံးပြုပါ_စိုစွတ်နေတဲ့ဆံသားက ပုံမှန်ထက်ပိုပြီး အားနည်းနေတတ်လို့ အလွယ်တကူ ပြတ်ထွက်လွယ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်ပြီး ဆံပင်ဖြီးတဲ့အခါ ဘီးစိပ်တွေအစား ခေါင်းဘီးအကျဲကြီးတွေကိုသာ သုံးပေးတာက ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။

၄.ဆံပင်တင်းကျပ်စွာ စည်းနှောင်ခြင်းကို ရှောင်ပါ_ဆံပင်မခြောက်တခြောက်မှာ စုစည်းတာ၊ကျစ်ဆံမြီး ကျစ်တာ၊ ဆံပင်မခြောက်ဘဲခေါင်းအုံးတာမျိုးက အနံ့ဆိုးထွက်စေတဲ့အပြင် ဦးရေပြားမှိုစွဲပြီး ဆံပင်ကျွတ်တာကို ပိုဆိုးစေပါတယ်။

၅. ဆံသားနှစ်ခွသက်သာစေရန်_လေထုစိုထိုင်းဆကြောင့် ဆံပင်တွေ ဖွာလန်မကြဲသွားအောင် နဲ့ ဆံသားနှစ်ခွ မဖြစ်အောင် ဂရုစိုက်ရပါမယ်။ဦးရေပြားကို လိမ်းတာမဟုတ်ဘဲ ဆံသားအလယ်ကနေ အဖျားပိုင်းလေးတွေကိုပဲ Hair Serum အနည်းငယ်ကို လိမ်းပေးထားရင် ဆံပင်ဖွာတာနဲ့ ဆံပင်နှစ်ခွကို သိသိသာသာ သက်သာစေပါတယ်။

ဒီအချက်လေးတွေကို ဂရုစိုက်ပေးမယ်ဆိုရင်တော့ မိုးရာသီမှာလည်း ဗောက်ထတာနဲ့ ဆံပင်ကျွတ်တဲ့ ပြဿနာတွေကင်းဝေးပြီး ကျန်းမာသန်စွမ်းတဲ့ ဆံကေသာလေးကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်နော်။ 💖

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0