မိုးရာသီမှာ ဝက်ခြံပိုထွက်ရခြင်းအကြောင်း

Jul 22, 2026
ကြိုတင်ကာကွယ်ခြင်း
မိုးရာသီမှာ ဝက်ခြံပိုထွက်ရခြင်းအကြောင်း

မိုးရာသီရောက်ပြီဆိုရင် ရာသီဥတုလေးက အေးစိမ့်စိမ့်လေးနဲ့ နေလို့ကောင်းပေမဲ့ အသားအရေပိုင်းမှာတော့ ဝက်ခြံအဆမတန် ထွက်လာလို့ စိတ်ညစ်နေရပြီလား? "မိုးတွင်းမှာ... ဝက်ခြံက ဘာလို့ ပိုထွက်ရတာလဲ" ဆိုပြီး တွေးရခက်နေသူတွေအတွက် အကြောင်းရင်းနဲ့ ကာကွယ်နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဝက်ခြံထွက်ရတဲ့ အကြောင်းရင်းများကတော့---

၁. စိုထိုင်းဆ မြင့်မားခြင်း-မိုးရာသီရောက်ပြီဆိုရင် လေထုထဲမှာ စိုထိုင်းဆ အရမ်းများပါတယ်။ မိုးရာသီရဲ့ လေထုစိုထိုင်းဆက အရေပြားရဲ့ အဆီဂလင်းတွေကို လှုံ့ဆော်ပေးပြီး အဆီတွေကို ပိုထွက်စေပါတယ်။

၂. ချွေးပေါက်ပိတ်ဆို့ခြင်း-အေးလို့ဆိုပြီး မျက်နှာသေချာမသစ်တဲ့အခါ အဆီဟောင်း၊ ဆဲလ်သေနဲ့ လေထဲကဖုန်တွေ ပေါင်းပြီး ချွေးပေါက်ပိတ်ဆို့မှု ‘Double’ ဖြစ်သွားပါတယ်။ထွက်လာတဲ့ အဆီတွေက လေထဲက ဖုန်မှုန့်၊ ညစ်ညမ်းမှုတွေနဲ့ ပေါင်းစပ်ပြီး ချွေးပေါက်တွေကို အလွယ်တကူ ပိတ်ဆို့သွားစေပါတယ်။

၃.မိုးရေနှင့်ထိတွေ့ခြင်း-မိုးရေမှာ ပါလာတဲ့ လေထုညစ်ညမ်းမှုတွေ၊ အက်ဆစ်ဓာတ်တွေ၊ အညစ်အကြေးတွေက အသားအရေကို ယားယံစေပြီး ဝက်ခြံကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။

ဝက်ခြံတွေကင်းစင်ပြီး အသားအရေလှပဖို့----

၁. Double Cleansing လုပ်ပါ-မိုးမိလာရင်ဖြစ်ဖြစ်၊ အပြင်ကပြန်လာရင်ဖြစ်ဖြစ် "အေးလို့" ဆိုပြီး ပစ်မထားပါနဲ့။ Micellar water (သို့) Cleansing oil တစ်မျိုးမျိုးနဲ့ အရင်သန့်စင်ပြီးမှ နူးညံ့တဲ့ Cleanser နဲ့ စနစ်တကျ မျက်နှာသစ်ပါ။

၂. Gel Moisturizer သုံးပါ- အဆီပြန်ပြီး စေးကပ်တတ်တဲ့ ရာသီမလို့ Cream အထူကြီးတွေအစား ပေါ့ပေါ့ပါးပါးနဲ့ စုပ်ယူမှုမြန်တဲ့ Gel Type (ဒါမှမဟုတ်) Water-based Moisturizer မျိုးကို ပြောင်းသုံးပါ။ ရေဓာတ်ဖြည့်ပေးပြီး ချွေးပေါက်မပိတ်ဘဲ စိုပြေနေမှာပါ။

၃. Sunscreen မမေ့ပါနဲ့- "နေမှမပူတာ" ဆိုပြီး Sunscreen ကျော်လိုက်လို့မဖြစ်ဘူးနော်။ မိုးအုံ့နေပေမဲ့ ခရမ်းလွန်ရောင်ခြည် (UV Rays) က ရှိနေတုန်းမို့ မဖြစ်မနေ လိမ်းပေးဖို့လိုအပ်ပါတယ်။

၄. တစ်ကိုယ်ရေ သန့်ရှင်းရေး- ခေါင်းအုံးစွပ်၊ စောင်နဲ့ မျက်နှာသုတ်ပုဝါတွေကို ပုံမှန် လျှော်ဖွတ်ပေးပါ။ ဝက်ခြံတွေ မပွားအောင် မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တွယ်တာမျိုး ရှောင်ကြဉ်ပါ။

 အခုပြောပြခဲ့တဲ့ မိုးရာသီ Skin Care လျှို့ဝှက်ချက်လေးတွေကို နေ့စဉ်ပုံမှန် ဂရုစိုက်ပေးမယ်ဆိုရင် မိုးရာသီတစ်လျှောက် ဝက်ခြံကင်းပြီး ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။ 💙✨

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

0
0

Recent Posts

Father's Day

Jun 20, 2026
နေ့ထူးနေ့မြတ်