မြန်မာနိုင်ငံဟာ စွဲမက်ဖွယ်ကောင်းတဲ့ သဘာဝအလှတရားတွေ၊ စိမ်းလန်းစိုပြည်တဲ့ တောတောင်တွေနဲ့ ခိုင်မာတဲ့ ရိုးရာယဉ်ကျေးမှုတွေ ပေါင်းစပ်တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ရာသီဥတု အပြောင်းအလဲပေါ်မူတည်ပြီးဒေသတစ်ခုချင်းစီရဲ့ အလှတရားကလည်း တစ်မျိုးစီ ကွဲပြားနေတတ်ပါတယ်။ ဒီ Blog လေးမှာတော့ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် အသင့်တော်ဆုံးဖြစ်မယ့် သွားရောက်လည်ပတ်သင့်တဲ့ အလှဆုံးခရီးစဉ်တွေကို စုစည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။
🌸 နွေရာသီ (မတ်လ - မေလ) - ကမ်းခြေနှင့် တောင်ပေါ်ဒေသ
နွေဦးရဲ့ အပူရှိန်ကို ရှောင်ရှားဖို့ အေးမြတဲ့ တောင်ပေါ်ဒေသ ဒါမှမဟုတ် ကြည်လင်တဲ့ ပင်လယ်ကမ်းခြေတွေက အသင့်တော်ဆုံးပါပဲ။နွေရာသီ ရောက်လာပြီဆိုတာနဲ့ အားလုံးရဲ့ စိတ်ထဲမှာ ပထမဆုံး ပေါ်လာတာကတော့ "ပင်လယ် ကမ်းခြေနှင့် တောင်ပေါ်ဒေသ” တွေပါပဲ။
ငွေဆောင်ကမ်းခြေ: ငွေဆောင် (Ngwe Saung) ဟာ နွေရာသီမှာ လှပနေတတ်ပြီး နွေရာသီရဲ့ ကြည်လင်တဲ့ မိုးကုပ်စက်ဝိုင်းနဲ့အတူ အပြာရောင်ပင်လယ်ပြင်က အပန်းဖြေဖို့ နေရာ အကောင်းဆုံးပါ။လှိုင်းလေငြိမ်သက်နေတတ်လို့ ရေကူးရတာ၊ စက်လှေစီးရတာတွေအတွက် အလွန်ဘေးကင်းပါတယ်။နွေရာသီရဲ့ ကောင်းကင်ယံဟာ တိမ်ကင်းစင်နေတတ်တာကြောင့် နေဝင်ဆည်းဆာ အလှဟာ ပန်းချီကားတစ်ချပ်လိုပါပဲ။
ပြင်ဦးလွင် (မေမြို့): နွေရာသီရဲ့ ပူပြင်းလှတဲ့ အပူရှိန်အောက်မှာ လွတ်မြောက်ဖို့ နေရာတစ်ခုကို ရှာနေတယ်ဆိုရင် ပြင်ဦးလွင် (မေမြို့) ကိုသတိရလိုက်ပါ၊၊ပင်လယ်ရေမျက်နှာပြင်အထက် (၃၅၀၀) ကျော်မှာ တည်ရှိတာမို့ မြေပြန့်ဒေသတွေထက် သိသိသာသာ အေးမြတဲ့ ရာသီဥတုကို ခံစားရမှာ ဖြစ်ပါတယ်။နွေရာသီဟာ အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲက ပန်းမျိုးစုံ ဝေဝေဆာဆာ ပွင့်တဲ့အချိန်ဖြစ်ပြီး အေးမြတဲ့ ရာသီဥတုကြောင့် နွေခိုလို့ အကောင်းဆုံး နေရာတစ်ခုပါ။ ။အပူဒဏ်ကို ဖြေဖျောက်ဖို့ ပြင်ဦးလွင်ရဲ့ နာမည်ကြီး ရေတံခွန်တွေဖြစ်တဲ့ ပွဲကောက် (B.E Waterfall)၊ ဓာတ်တော်ချိုင့် နဲ့ ဒီဇင်ဘာခြံ ထဲက ရေတံခွန်လေးတွေဆီ ကိုလည်း သွားရောက်နိုင်ပါတယ်။ ပြင်ဦးလွင်ဟာ နွေရာသီမှာ အပူဒဏ်ကနေ ခေတ္တခဏ ပုန်းရှောင်ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။
🌧️ မိုးရာသီ (ဇွန်လ - အောက်တိုဘာလ) - စိမ်းလန်းစိုပြေသော အလှတရား
မိုးရာသီမှာ မြန်မာပြည်အထက်ပိုင်းက ရှေးဟောင်းဒေသတွေဟာ စိမ်းစိမ်းစိုစိုနဲ့ အရမ်းကို ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ: မိုးရာသီမှာ ပုဂံကို သွားရတာဟာ တခြားရာသီတွေနဲ့မတူဘဲ ထူးခြားတဲ့ ခံစားမှုတစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ပုံမှန်အားဖြင့် ဖုန်ထူပြီး ပူပြင်းတဲ့ ပုဂံဟာ မိုးရာသီမှာတော့ စိမ်းစိမ်းစိုစိုနဲ့ အေးချမ်းတဲ့ အလှတရားကို ပိုင်ဆိုင်ထားတာပါ။လူအများစုက ပုဂံကို ဆောင်းရာသီမှာပဲ သွားလေ့ရှိကြပေမဲ့ တကယ့် "Bagan Lover" တွေကတော့ မိုးရာသီကို ပိုသဘောကျကြပါတယ်။ မိုးရေစက်တွေကြားက ရှေးဟောင်းဘုရားပုထိုးတွေဟာ ပိုပြီး ခန့်ညားထည်ဝါနေသလို ခံစားရလို့ပါပဲ။ မြက်ခင်းစိမ်းစိမ်းလေးတွေနဲ့ သစ်ပင်တွေ ဝေဝေဆာဆာ ဖြစ်နေတဲ့ ပုဂံအလှကို မြင်တွေ့ရမှာ ဖြစ်ပြီး ဓာတ်ပုံရိုက်ရင်လည်း အစိမ်းရောင်နဲ့ အုတ်နီရောင် ဘုရားတွေ ပေါင်းစပ်သွားတာကြောင့် အရမ်းလှပါတယ်။ဒါကတော့ Travel Season မဟုတ်တာကြောင့် ခရီးသွားဦးရေ နည်းပါးပါတယ်။ ဘုရားစေတီတွေမှာ လူသူကင်းဝေးပြီး တိတ်ဆိတ်နေတာကြောင့် စိတ်အေးလက်အေး ဘုရားဖူးနိုင်ပါတယ်။မိုးရာသီပုဂံဟာ ဆူညံမှုတွေကနေ ဝေးရာကို ပြေးထွက်ချင်သူတွေအတွက် အကောင်းဆုံးနေရာပါ။
ကရင်ပြည်နယ် (ဘားအံ): မိုးရာသီမှာ ဘားအံကို သွားရတာဟာ တကယ့်ကို ပန်းချီကားတစ်ချပ်ထဲ ရောက်သွားသလို ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ ထုံးကျောက်တောင်ကြီးတွေ၊ စိမ်းစိုနေတဲ့ လယ်ကွင်းတွေနဲ့ မြူခိုးဆိုင်းနေတဲ့ တောင်တန်းတွေက မိုးရာသီမှာ ပိုပြီး ထင်ရှားပေါ်လွင်တာ ဘားအံရဲ့ လယ်ကွင်းတွေဟာ နုပျိုစိမ်းလန်းနေပါတယ်။ အထူးသဖြင့် လုမ္မဏီဥယျာဉ် (ရုပ်ပွားတော်တစ်ထောင်) နဲ့ ဇွဲကပင်တောင် နောက်ခံထားပြီး လယ်ကွင်းစိမ်းစိမ်းတွေကြား ဓာတ်ပုံရိုက်ရင် အရမ်းကို ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။မိုးရာသီမှာ ဂူအပြင်ဘက်က ရေကန်တွေမှာ ရေပြည့်နေတတ်တာကြောင့် ဆဒ္ဒန်ဂူထဲကနေ လှေစီးပြီး ဂူအပြင်ဘက်ကို ထွက်လာတဲ့အခါ တောင်တန်းတွေနဲ့ ရေပြင်စိမ်းစိမ်းတွေကို မြင်ရတာဟာ နတ်ပြည်ရောက်သွားသလား အောက်မေ့ရပါတယ်။ဘားအံဟာ မိုးရာသီမှာ သူ့ရဲ့ သဘာဝအလှတရားတွေ အပြည့်ဝဆုံး အချိန်ဖြစ်ပါတယ်။ အလုပ်တွေ ပင်ပန်းသမျှကို အစိမ်းရောင်တောင်တန်းတွေကြားမှာ အပန်းဖြေချင်တယ်ဆိုရင်တော့ ဘားအံက အသင့်တော်ဆုံးပါပဲ။
❄️ ဆောင်းရာသီ (နိုဝင်ဘာလ - ဖေဖော်ဝါရီလ) - ခရီးသွားရာသီ
ဒါကတော့ မြန်မာပြည်ရဲ့ အလှဆုံးနဲ့ ခရီးသွားလို့ အကောင်းဆုံး Season ပါပဲ။
ကလော (တောင်တက်ခရီးစဉ်): ရှမ်းပြည်နယ်တောင်ပိုင်းက "ထင်းရှူးမြို့တော်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ ကလောမြို့လေးဟာ သဘာဝအလှတရားတွေ၊ အေးချမ်းတဲ့ ရာသီဥတုတွေကြောင့် အမြဲတမ်း လူကြိုက်များတဲ့ ခရီးစဉ်တစ်ခုပါ။ အထူးသဖြင့် ဆောင်းရာသီမှာ တောင်တက်ခရီးသွားမယ်ဆိုရင်တော့ ကလောက မြန်မာနိုင်ငံရဲ့ နံပါတ်တစ် ရွေးချယ်စရာ နေရာလေးတစ်ခု ဖြစ်ပါတယ်။တောင်တက်၊ လမ်းလျှောက်ရတာကို ဝါသနာပါပေမယ့် ပူအိုက်တာကို မနှစ်သက်ဘူးဆိုရင် ဆောင်းရာသီက အကောင်းဆုံးပါပဲ။ အေးမြတဲ့ ရာသီဥတုကြောင့် ခရီးရှည် လမ်းလျှောက်တဲ့အခါ ပင်ပန်းမှု သက်သာစေပါတယ်။ဆောင်းရာသီမှာ စိုက်ခင်းတွေ ရိတ်သိမ်းပြီးစ အချိန်ဖြစ်လို့ တောင်ကတုံးလေးတွေနဲ့ ယာခင်းတွေက ရွှေရောင် ပြောင်းနေတတ်ပြီး ဓာတ်ပုံရိုက်လို့ အလွန်လှပတဲ့ ရာသီဖြစ်ပါတယ်။
မြိတ်ကျွန်းစု (တနင်္သာရီတိုင်း):မြန်မာနိုင်ငံရဲ့ တောင်ဘက်အစွန်ဆုံး၊ တနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ မြိတ်ကျွန်းစု (Myeik Archipelago) ဟာ ကျွန်းပေါင်း ၈၀၀ ကျော်နဲ့ ဖွဲ့စည်းထားပြီး ကမ္ဘာပေါ်မှာ အလှပဆုံးနဲ့ သဘာဝအတိုင်း အရှိဆုံး ကျွန်းစုတွေထဲက တစ်ခုပါ။ အများစုက ဆောင်းရာသီဆို တောင်ပေါ်ဒေသတွေကိုပဲ ပြေးမြင်တတ်ကြပေမယ့် တကယ်တော့ မြိတ်ကျွန်းစုရဲ့ "အကောင်းဆုံးအချိန်" ဟာ ဆောင်းရာသီပဲ ဖြစ်ပါတယ်။နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိဟာ မုတ်သုံလေ ကင်းစင်တဲ့အချိန်ဖြစ်လို့ လှိုင်းလေ အလွန်ငြိမ်ပါတယ်။ သင်္ဘောစီးရတာ သက်တောင့်သက်သာရှိပြီး ပင်လယ်အလှကို အပြည့်အဝ ခံစားနိုင်ပါတယ်။ရေအောက်က သန္တာကျောက်တန်းတွေနဲ့ ငါးလေးတွေကို အပေါ်ကနေတောင် မြင်နိုင်တဲ့အထိ ကြည်လင်မှုက အံ့မခန်းပါပဲ။မြိတ်ကျွန်းစုဟာ မြန်မာနိုင်ငံရဲ့ ဖုံးကွယ်ထားတဲ့ ကျောက်မျက်ရတနာတစ်ခုလိုပါပဲ။ ရှုပ်ထွေးလှတဲ့ မြို့ပြကနေ ရုန်းထွက်ပြီး အပြာရောင်ပင်လယ်ပြင်ကြီးထဲမှာ စိတ်အပန်းဖြေဖို့ ဒီဆောင်းရာသီမှာ မြိတ်ကျွန်းစုဆီ ခရီးထွက်ခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
မြန်မာပြည်သည် ရာသီအလိုက် သွားရောက်လည်ပတ်သင့်သော အလှပဆုံးခရီးစဉ်များစွာရှိပြီး၊ ဒေသတစ်ခုချင်းစီတွင် အမှတ်တရဖြစ်စေမည့် အလှဆုံးပုံရိပ်များနှင့် အခိုက်အတန့်များကို ခံစားပိုင်ဆိုင်နိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။