🦠Nipah Virus နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတ📍

Feb 18, 2026
ကြိုတင်ကာကွယ်ခြင်း
🦠Nipah Virus နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ ကျန်းမာရေးဗဟုသုတ📍

𝟐𝟕 𝐉𝐚𝐧 𝟐𝟎𝟐𝟔 တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားနေသော Nipah Virus ခေါ်  ကူးစက်ရောဂါအန္တရာယ်ကို အထူးသတိပြုနိုင်ကြပါရန် သတိပေးအပ်ပါသည်။  ယခုလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ အတည်ပြုလူနာမရှိသေးသော်လည်း ရောဂါများကိုဖြစ်ပွားစေသော မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့ နှင့် လင်းဆွဲပေါင်းများစွာ တည်ရှိသည့်  နိုင်ငံအတွင်းတွင် မြန်မာနိုင်ငံ ပါရှိနေသောကြောင့် ကြောက်ရွံ့ ဖို့မလိုပဲ သိထားသင့်တဲ့ ဗဟုသုတဖြစ်ဖွယ်များကို မျှဝေပေးလိုက်ပါတယ်……

🦠 နီပါ ဗိုင်းရပ်စ်ပိုးသည် သစ်သီးစားသော လင်းနို့များမှ ကူးစက်တတ်ပြီး လူနှင့် အခြားတိရစ္ဆာန်များကို ကူးစက်စေနိုင်သော ရောဂါဖြစ်သည်။ နီပါ ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှတစ်ဦးသို့ လည်းကူးစက်နိုင်သည်။


🦠 နီပါ ပြင်းထန်ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၀ ယောက်တွင် ၄ ယောက်မှ ၇ ယောက် ခန့်အထိ အသက်သေဆုံးနိုင်သည်။

နီပါ ဗိုင်းရပ်စ်ရောဂါသည် မပြင်းထန်သော ရောဂါလက္ခဏာများမှစ၍ ဦးနှောက်ရောင်ခြင်းနှင့် သေဆုံးခြင်းအပါအဝင် ပြင်းထန်သောရောဂါများအထိ ဖြစ်စေနိုင်သည်။

ရောဂါဖြစ်ပွားသူသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် အသက်ရှူရန်ခက်ခဲခြင်းတို့ကို ၃ ရက်မှ ၁၄ ရက်အထိ ခံစားရလေ့ရှိပြီး နောက်ပိုင်းတွင် အချို့လူများ၌ စိတ်ရှုပ်ထွေးခြင်း၊ မူးဝေခြင်းနှင့် တက်ခြင်း စသည့် ပြင်းထန်သော လက္ခဏာများဖြစ်စေသည့် ဦးနှောက်ရောင်ခြင်းကို ခံစားရနိုင်ပါသည်။ ထိုလက္ခဏာခံစားရသူများသည်၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့ခြင်းအဆင့်သို့ ရောက်သွားနိုင်သည်။ရောဂါပိုး ကူးစက်ခံရပါက ၄ ရက်မှ ၁၄ ရက်အတွင်း စတင်၍ နာမကျန်းဖြစ်လေ့ရှိသည်။

လူတစ်ဦး ကူးစက်ခံရပါက ဗိုင်းရပ်စ်ပိုးသည် လူတစ်ဦးမှ နောက်တစ်ဦးသို့ ဆက်လက်ကူးစက်နိုင်သည်။ရောဂါရှိသူအား စောင့်ရှောက်ပေးသူနှင့် ကုသမှုပေးသူတို့သည် ရောဂါကူးစက်နိုင်ခြေ ပိုများသည်။

နီပါ ဗိုင်းရပ်စ်ရောဂါ ကပ်အသွင် ကူးစက်မှုဖြစ်ပွားနေသည့် ဒေသတွင် နေထိုင်သူ သို့မဟုတ် ထိုဒေသသို့ ခရီးသွားမည်ဆိုပါက

👉 ဆပ်ပြာနှင့် ရေ အသုံးပြု၍ ပုံမှန် လက်ဆေးပါ။

👉 လင်းနို့ သို့မဟုတ် နာမကျန်းဖြစ်နေသော ဝက်များကို ထိတွေ့ခြင်းမှ ရှောင်ကြဥ်ပါ။

👉 လင်းနို့များ အိပ်စက်နားနေရာ နေရာများကို မသွားပါနှင့် (သို့မဟုတ်) လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းစေနိုင်သည့် မည်သည့်အရာမဆို ထိတွေ့ခြင်း မပြုပါနှင့်။

👉 လင်းနို့များနှင့် ထိတွေ့ညစ်ညမ်းနိုင်သော သစ်သီးများနှင့် ထန်းရည်ကို စားသောက်ခြင်းအား ရှောင်ကြဥ်ပါ။

👉 ရောဂါရှိသူ၏ သွေး သို့မဟုတ် ခန္ဓာကိုယ်မှ အရည်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဥ်ပါ။

Nipah Virus ဟာ ပြင်းထန်နိုင်တဲ့ ရောဂါဖြစ်ပေမယ့်သိထားပြီး ကာကွယ်နိုင်မယ်ဆိုရင် ထိန်းချုပ်နိုင်ပါတယ်။ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းပါတယ်။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။


0
0

Recent Posts