ရာသီအလှ၊ ဓမ္မအနှစ်သာရနဲ့ပြည့်စုံတဲ့"တပေါင်းလပြည့်နေ့"အကြောင်း🌕🌟

Mar 02, 2026
နေ့ထူးနေ့မြတ်
ရာသီအလှ၊ ဓမ္မအနှစ်သာရနဲ့ပြည့်စုံတဲ့"တပေါင်းလပြည့်နေ့"အကြောင်း🌕🌟

တပေါင်းလပြည့်နေ့သည်မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့၊ ရွှေတိဂုံ စေတီတည်သောနေ့ အဖေများနေ့ အခါသမယတွင် အဖေ့၏ကြီးမားသော ဂုဏ်ကျေးဇူးကို သိမြင်နားလည်ပြီး တရားဘာ၀နာများအားထုတ်ကာ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကင်းကွာပြီး သာယာအေးချမ်းပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 

မြန်မာ့ဆယ့်နှစ်လရာသီရဲ့ နောက်ဆုံးလဖြစ်တဲ့ တပေါင်းလဟာ နွေဦးစ သာယာကြည်နူးဖွယ် အကောင်းဆုံးအချိန်ကာလလို့ တင်စားကြပါတယ်။ လေပြေလေညင်းလေးတွေ၊ သဘာဝအလှအပတွေနဲ့အတူ စိတ်အေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ဒီလိုလမျိုးမှာ ကျရောက်တဲ့ "တပေါင်းလပြည့်နေ့" ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်ထူးခြားမွန်မြတ်တဲ့ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။

ဩဝါဒပါတိမောက် အခါတော်နေ့

တပေါင်းလပြည့်နေ့ဟာ ဗုဒ္ဓမြတ်စွာဘုရားရှင်က သံဃာတော်များကို စုဝေးစေပြီး သာသနာတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ "ဩဝါဒပါတိမောက်" တရားတော်ကို ဟောကြားတော်မူခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာရေးအရ အလွန်အရေးပါတဲ့ "ဩဝါဒပါတိမောက်အခါတော်နေ့" အဖြစ် သတ်မှတ်ထားကြပါတယ်။

 မိဘရပ်ထံ ပထမဆုံး ပြန်လည်ကြွချီခြင်း

ဂေါတမမြတ်စွာဘုရားရှင်ဟာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး စိုးစံရာ ကပိလဝတ်ပြည်ကို ပထမဆုံးအကြိမ် ပြန်လည်ကြွချီတော်မူခဲ့တာဟာ တပေါင်းလပြည့်နေ့မှာ ဖြစ်ပါတယ်။ ထိုဖြစ်ရပ်ဟာ ဗုဒ္ဓဘာသာသမိုင်းတွင် အလွန်အဓိပ္ပါယ်ရှိသည့် အခန်းကဏ္ဍတစ်ရပ်ဖြစ်ပြီး  မိသားစုမေတ္တာနဲ့ သာသနာပြုခြင်းကို တစ်ပြိုင်နက်တည်း ထင်ဟပ်စေပါသည်။

သမိုင်းမှတ်တမ်းတွေအရ မြတ်စွာဘုရားရှင် သက်တော် (၃၆) နှစ်၊ မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလပြည့်နေ့မှာ ဆွေမျိုးသားချင်းတွေဆီကို ပထမဆုံးအကြိမ် ကြွချီခဲ့တာဖြစ်ပြီး၊ ဒီခရီးစဉ်ကို "ဆွေမျိုးသံယောဇဉ်ကို တရားဖြင့် အောင်နိုင်ခြင်း" လို့လည်း တင်စားဆိုကြပါတယ်။

ကာဠုဒါယီအမတ်ရဲ့ ဂါထာ (၆၀) ဖွဲ့ ညွှန်းဆိုမှု

ဘုရားရှင်ကို နေပြည်တော်ကြွဖို့ ဖွားဖက်တော် ကာဠုဒါယီအမတ်ကြီးက ပင့်ဖိတ်တဲ့အခါမှာ တပေါင်းလရဲ့ သာယာလှပပုံ၊ လမ်းခရီးတစ်လျှောက် သစ်ပင်ပန်းမန်တွေ ပွင့်လန်းနေပုံတွေကို ဂါထာပေါင်း (၆၀) နဲ့ အစွမ်းကုန် ဖွဲ့နွဲ့ပြီး ပင့်လျှောက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း တပေါင်းလဟာ စာပေအနုပညာရှင်တွေ အနှစ်သက်ဆုံးလ ဖြစ်နေရခြင်းပါ။

သာယာကြည်နူးဖွယ် ရာသီဥတုနှင့် ရိုးရာဓလေ့

တပေါင်းလ၏ ပထမလဝက်သည် ဆောင်းရာသီတွင် ကျရောက်ပြီးဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ "နေ့ပူလို့ ညချမ်း" ဆိုသလို ဆောင်းအကုန် နွေအကူးဖြစ်တာကြောင့် ရာသီဥတုက မပူလွန်း၊ မအေးလွန်းဘဲ မျှတသာယာနေပါတယ်။ သရဖီပန်းလေးတွေ ကြိုင်ကြိုင်လှိုင်လှိုင် ပွင့်တဲ့အချိန်လည်း ဖြစ်ပါတယ်။ လေပြေလေးများ၊ သဘာဝအလှအပများနှင့် အတူ စိတ်အေးချမ်းမှုကို ခံစားရစေသည့် လရာသီတစ်ခုလည်း ဖြစ်ပါသည်။

ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ်(သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။ 

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်သွားပြီ းတပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။

တပေါင်းလပြည့်နေ့ဟာ သဘာဝအလှတရားတွေနဲ့ ပြည့်စုံရုံသာမကဘဲ "သာသနာ့အနှစ်ချုပ်ကို ဖော်ဆောင်ခြင်း" နဲ့ "မိဘကျေးဇူးကို တရားဖြင့် ဆပ်ခြင်း" ဆိုတဲ့ မွန်မြတ်တဲ့ အဓိပ္ပာယ်တွေ ကိန်းအောင်းနေတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက် အလွန်တန်ဖိုးရှိလှတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။

🌟 အချို့သောအချက်အလက်များအား Internet မှတဆင့် ကိုးကားပါသည်။

1
0

Recent Posts