သီတင်းကျွတ်လပြည့်နေ့ဖြစ်ပေါ်လာပုံ 🕯️🎆
သီတင်းကျွတ်လပြည့်နေ့ဆိုတာ ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်သူတိုင်းအတွက် တကယ့်ကို အလေးအမြတ်ထားရာနေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဟာ မြတ်စွာဘုရားရှင်တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သောအတွက်ကြောင့် နေ့ထူးနေ့မြတ်အဖြစ် အသိအမှတ်ပြုထားကြခြင်းဖြစ်ပါတယ်။မြတ်စွာဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူးပြီးတော့ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့ကို ဗုဒ္ဓဘာသာဝင်လူမျိုးတို့သည် ဆီမီးများထွန်းကာ မြင်းမိုရ်ပွဲကို ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ ✨🙏
မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်မှာ မယ်တော်ဖြစ်ခဲ့ဖူးပါသော သန္တုဿိတနတ်သားကို အကြောင်းပြုပြီး အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီးနောက် တာဝတိံသာတွင်ပဝါရဏာပြုပြီး လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်းပြုပြီး ထိုနေ့ကို အဘိဓမ္မာနေ့ဆိုပြီး ခေါ်ဆိုဟာ အဘိဓမ္မာပူဇော်ပွဲကိုကျင်းပကြခြင်းလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟုလည်းခေါ်ဆိုကြပါသေးသည်။ အဘယ်ကြောင့်ဆိုသော် မြတ်စွာဘုရားသည်တာဝတိံသာမှ ဆင်းသက်လာသောအချိန်တွင် ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ခဲ့သလို လက်ယာဘက်တွင်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်တွင်ငွေစောင်းတန်း ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုကဲ့သို့ နတ်ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါလာ၍ သက်ဆင်းတော်မူလာသည့် မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသောပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။ ဤသည်ကိုရည်မှန်း၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ဆိုသည်မှာ ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ ဖြစ်သဖြင့် ဝါဆိုတော်မူကြကုန်သော သံဃာတော်အရှင်မြတ်တို့ လွတ်လွတ်ကျွတ်ကျွတ် သွားလာသီတင်း သုံးနိုင်သည့် အခွင့်အရေးကိုရရှိကြသော အချိန်အခါလည်းဖြစ်ပေသည်။ ယနေ့အထိ ဝါဆိုကြသော သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကို ရရှိကြတာလည်းဖြစ်ပါတယ်။ လောကီလူတွေရဲ့ ထုံးစံအရလည်း အိမ်ရာထောင်ခြင်းပြုနိုင်ကြသဖြင့် အချုပ်အချယ်တို့မှလွတ်ကျွတ်စေသောနေ့ဟုဆိုလို့ရပါတယ်။
အချို့သောအချက်အလက်များအား Wikipedia မှာကိုးကားပါသည်။